‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းပေါက်မြို့မှာ မိုးသည်းထန် ရေကြီး ရေလျှံမှုကြောင့် သေဆုံးသူ ၄ ယောက်ရှိလာပြီလို့ ဒေသခံတွေက ပြောပါတယ်။
သေဆုံးသူတွေအထဲမှာ ရေကြီးရေလျှံမှုကို ကယ်ဆယ်ရေးလုပ်ပေးနေတဲ့ ‘ဝ’ ပြည်နယ် ရဲတပ်ဖွဲ့က ရဲအရာရှိတယောက်နဲ့ ဒေသခံ အမျိုးသား တယောက်နဲ့ အမျိုးသမီး ၂ ယောက်တို့ ဖြစ်တယ်လို့ မိုင်းပေါက်ဒေသခံတယောက်က ပြောပါတယ်။
"ရဲအရှိကတော့ အသက် ၂၀ ကျော်အရွယ်ပဲ။ ‘ဝ’ လူမျိုး Qin Hua လို့ခေါ်တယ်။ မနေ့ကပေါ့ သူက ကယ်ဆယ်ဖို့သွားရင်း ရေများတော့ မျောပါသွားတာ။ နောက်အမျိုးသမီး တယောက်နဲ့ အမျိုးသား တယောက်ကတော့ ပြည်မဘက်ကလို့ သိရတယ်။ သူတို့ ၂ ယောက် ကားစီးနေရင်း မျောပါသွားတာ။ နောက်ထပ် ကောင်မလေးကတော့ အလောင်း ရှာမတွေ့သေးဘူး၊ ဒီနေ့လည်း မိုင်းပေါက်က အိမ်တော်တော်များများ မြုပ်ကုန်ပြီ။"
ဇူလိုင် ၁၈ ရက်ကတည်းက မိုင်းပေါက်မြို့အပြင် ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ရဲ့ တောင်ပိုင်း (၁၇၁) စစ်ဒေသဖြစ်တဲ့ ဟွေအော်၊ မိုင်းယွန်းနဲ့ ဝမ်ဟုန်တို့မှာလည်း မိုးအဆက်မပြတ် ရွာသွန်းပြီးနောက် ဇူလိုင် ၂၁ ရက်ကစတင် ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်လာတာလို့ ဆိုပါတယ်။
ရေကြီးရေလျှံမှုကြောင့် မိုင်းပေါက်မြို့အတွင်းက နေအိမ်တွေနဲ့ အိမ်စီးကားတချို့ နစ်မြုပ်ကုန်ပြီး UWSA တာဝန်ရှိသူတွေ ရေဘေးကူညီကယ်ဆယ်ရေး လုပ်ပေးနေတယ်လို့ ဆိုပါတယ်။