
အမေရိကန်ပြည်ထောင်စု၊ နယူးဂျာစီပြည်နယ်မှာ ဇူလိုင် ၁၄ ရက် ညပိုင်းကနေ ဇူလိုင် ၁၅ ရက် အထိ နယူးယောက်မြို့တော်ဧရိယာကို အားပြင်းမုန်တိုင်းတွေ တိုက်ခတ်လို့ ဖြစ်ပွားတဲ့ ရုတ်တရက် ရေလွှမ်းမိုးမှုအတွင်း လူ ၂ ယောက် သေဆုံးခဲ့ပြီး မော်တော်ကားတွေ ရေနစ်မြုပ်ကာ မြေအောက်ရထားဘူတာတွေမှာလည်း ရေတွေလျှံနေပါတယ်။
အဆက်မပြတ် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဒေသတွင်းရှိ လေဆိပ်တွေ၊ အဝေးပြေးလမ်းတွေနဲ့ မီးရထားလမ်းတွေတလျှောက် ကျယ်ကျယ်ပြန့်ပြန့် ခရီးသွားလာမှုကို အနှောင့်အယှက် ဖြစ်ခဲ့ရပါတယ်။
နယူးဂျာစီပြည်နယ်အုပ်ချုပ်ရေးမှူး ဖှေမာဖီလ်က အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီး ရေကြီးရေလျှံမှုအတွင်း မျောပါသွားတဲ့ မော်တော်ကားထဲက လူ ၂ ယောက် သေဆုံးသွားတာလို့ ပြောပါတယ်။
ရေထဲမြုပ်နေတဲ့ ကားထဲမှာ သေဆုံးသူတွေကို တွေ့ခဲ့ရတယ်လို့ မာဖီလ်က သတင်းထောက်တွေကို ပြောပါတယ်။
တချို့နေရာတွေမှာ အချိန် ၂ နာရီခွဲလောက်အတွင်း မိုးရေချိန် ၆ လက်မ လောက် ရွာသွန်းခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောကြားပြီး တချို့နေရာတွေမှာတော့ ရေကြီးခြင်းကို ပထမဆုံးအကြိမ် ကြုံတွေ့ဖူးတာဖြစ်ကြောင်းလည်း ပြောပါတယ်။
ရေကြီးမှုဟာ ယူနီယံကောင်တီနဲ့ ဆမ်းမားဆက်ကောင်တီတို့မှ လူ့အဖွဲ့အစည်းတခုလုံးကို အကြီးမားဆုံး သက်ရောက်ခဲ့ပြီး ပျက်စီးမှုပမာဏ များပြားကြောင်းနဲ့ နောက် ၄၈ နာရီအတွင်း ပျက်စီးဆုံးရှုံးမှု အခြေအနေကို ပိုမိုသိရှိနိုင်ဖို့ အကဲဖြတ်နေဆဲ ဖြစ်ကြောင်း နယူးဂျာစီပြည်နယ်အုပ်ချုပ်ရေးမှူး ဖေမာဖှီ က ပြောပါတယ်။
နယူးဂျာစီရဲ့ အခြေအနေကို အိမ်ဖြူတော်ကလည်း သိရှိနေပြီး နယူးဂျာစီကို ကူညီပေးဖို့ လွှတ်တော်အမတ်တွေနဲ့ ကိုယ်စားလှယ်အတော်များများက သူတို့ဘာတွေလုပ်ပေးနိုင်မလဲ ဆိုတာကို လှမ်းမေးမြန်းကြတယ်လို့လည်း ဆိုပါတယ်။
Source:Reuters