မိုးသည်းထန်စွာ ရွာသွန်းချိန် ပေါင်းလောင်းဆည် ရေလွှတ်လိုက်တာကြောင့် နေပြည်တော်ကောင်စီ နယ်မြေ လယ်ဝေးမြို့နယ်၊ သာဝတ္ထိမြို့ပေါ်ရပ်ကွက်နဲ့ ကျေးရွာတွေမှာ ဇူလိုင် ၁၂ ရက်ကစပြီး ရေကြီးနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဇူလိုင် ၁၂ ရက် နေ့လယ်ကစပြီး သာဝတ္ထိမြို့နယ်ပေါ် ရဲစခန်း၊ ကျေးလက်ကျန်းမာရေးဌာနနဲ့ ဌာနဆိုင်ရာရုံးထဲ ရေဝင်ရောက်မှုရှိလာပြီး ရေနစ်မြုပ်နေတဲ့ စာသင်ကျောင်းတချို့ကိုတော့ ခေတ္တယာယီ ပိတ်လိုက်ရတယ်လို့ လယ်ဝေးမြို့ခံက ပြောပါတယ်။
“နေပြည်တော်မှာ မိုးအရမ်းရွာပြီဆို ဆည်ရေလွှတ်တဲ့ ပြဿနာက အတော်ဆိုးတာ ဆည်ရေလွှတ်ရင် အနိမ့်ပိုင်းကလူတွေ အတော်ဒုက္ခရောက်တာ။ ငလျင်ဒဏ်ခံရတာ မကြာသေးဘူး။ ရေဘေးထပ်သင့်တယ်။ ဌာနဆိုင်ရာရုံးတွေရော ရေပြည့်နေပြီ။ ကျောင်းတွေကို ခဏပိတ်ထားတယ်။”
သာဝတ္ထိမြို့ထဲက ကျေးရွာတွေဖြစ်တဲ့ လက်ပံတန်းရွာ၊ ကန်စွန်ခင်း၊ ကြောင်ရေအုပ်စု၊ သာယာစုနဲ့ ကြံဖိုစုကျေးရွာတွေမှာလည်း ရေကြီးရေလျှံ ဖြစ်နေပြီး အထပ်မြင့်နေအိမ်တွေမှာ ပေါင်းနေကြတယ်လို့ ကြံဖိုစုကျေးရွာနေသူ တယောက်က ပြောပါတယ်။
“ရေက အတော်ကြီးတာ။ နှမ်းခင်းတွေရော ပဲခင်းတွေ အကုန်ပါကုန်တာ၊ စပါးခင်းတွေက အကုန်ပျက်စီးသွားတယ်။ ကန်စွန်းခင်းရွာမှာဆို တရွာလုံး ရေမြုစ်နေပြီ။ နှစ်တိုင်း ရေကြီးတဲ့ဒုက္ခကို ရွာကလူတွေ ခံစားနေရတာ။”
လတ်တလောမှာ သာဝတ္ထိမြို့က ရေဘေးသင့်ပြည်သူတွေအနေနဲ့ ဘုန်းကြီးကျောင်းတွေမှာ အထပ်မြင့်နေအိမ်တွေမှာ စုပေါင်းနေထိုင်နေကြရပါတယ်။
မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်မှာလည်း သာဝတ္ထိမြို့ပေါ်ရပ်ကွက်နဲ့ ကျေးရွာတချို့ ပြိုကျပျက်စီးပြီး သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူတွေ ရှိသလို ၂၀၂၄ ခုနှစ် စက်တင်ဘာလက နေပြည်တော် ရေကြီးမှုမှာလည်း သာဝတ္ထိမြို့က လူနေအိမ်တချို့ ပျက်စီးဆုံးရှုံးခဲ့ပါတယ်။