ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးရဲ့အနီး အနောက်ဘက်ခြမ်းကျေးရွာတချို့မှာ ရေကြီးပြီး လူနေအိမ်အလုံး ၅၀ ထက်မနည်း ရေထဲမျောပါသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ဇူလိုင် ၁၁ ရက်ကစတင်ပြီး အဆက်မပြတ်မိုးရွာသွန်းတာကြောင့် ရန်ကုန်-မန္တလေးအမြန်လမ်း အနောက်ဘက်ခြမ်း ၁၆၇ မိုင်နဲ့ ၁၆၉ မိုင်အနီး ကိုးပင်ကွေ့၊ မကွေးဘက်ကိုသွားတဲ့လမ်းပေါ်မှာ ရေစကြီးခဲ့တာပါ။
တောင်ကျရေတွေအရှိန်နဲ့ကျလာလို့ အမြန်လမ်းအနီး ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ် ၆ မိုင်ကျေးရွာက အိမ် ၂၁ လုံး၊ ၈ မိုင်ကျေးရွာက အိမ် ၈ လုံးနဲ့ ဇီးဖြူပင်ကျေးရွာက အိမ် ၂၂ လုံး ရေထဲမျောပါသွားတာလို့ ဒေသခံတယောက်က ပြောပါတယ်။
“အိမ်တွေက အရှိန်ပြင်းပြင်းနဲ့ကျလာတဲ့ရေစီးနဲ့မျောပါတာ။ လူတွေကတော့ ကြိုတင် ပြောင်းရွှေ့ခဲ့တော့ ကံကောင်းတာပေါ့။ နို့မို့ဆိုမလွယ်ဘူး”
တောင်ကျရေကျဆင်းလာပြီး နေအိမ်တွေရေစီးထဲ မျောပါသွားခဲ့ပေမယ့် လူတွေထိခိုက်တာမရှိဘဲ ရေဘေးသင့်ပြည်သူတွေကို ၆ မိုင်ကျေးရွာက ဘုန်းတော်ကြီးကျောင်းကို ကူညီကယ်ဆယ်ရေး အဖွဲ့တွေက အရေးပေါ်ကြိုတင်ပြောင်းရွှေ့ပေးခဲ့တာလို့ ဆိုပါတယ်။
ဒေသခံဆိုင်ရာ တာဝန်ရှိသူတယောက်က “မိုးရွာတဲ့အရှိန်နဲ့ တောင်ကျရေတွေထိုးဆင်းလာတော့ ရေက လူတရပ်လောက်ကို တက်ဖြစ်သွားတာ။ အခုလည်းရေကြီးနေတုန်းပါပဲ။ မိုးက အဆက်မပြတ်ကို ရွာနေတာ။ အမြန်လမ်းဘေးက တခြားမြို့နယ်တွေမှာလည်း ရေကြီးနေတယ်။ အိမ်တွေ ရေနစ်မြုပ်နေတယ်။ မျောပါတဲ့အထိဖြစ် မဖြစ်တော့စုံစမ်းနေပါတယ်” လို့ ပြောပါတယ်။
အမြန်လမ်းမကြီး ၁၆၉ မိုင်နဲ့ ၁၇၆ မိုင်ကြား၊ မန္တလေး -ရန်ကုန်ဘက်အခြမ်းမှာလည်း ဇူလိုင် ၁၁ ရက်ညက မိုးသည်းသည်းထန်ထန်ရွာလို့ တောင်ကျချောင်းရေတွေ သိုင်းချောင်းအတွင်း စီးဝင်ခဲ့ပြီး ချောင်းဘေးမှာနေထိုင်တဲ့ ဒေသခံတွေကို အရေးပေါ်ပြောင်းရွှေ့ခဲ့ရသေးတယ်လို့ သိရပါတယ်။
စစ်ကောင်စီရဲ့ မိုးလေဝသဌာနက ကယားပြည်နယ်မှာ နေရာစိပ်စိပ်၊ ကျန် တိုင်းနဲ့ ပြည်နယ်တွေမှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ ကရင်၊ မွန်နဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာကွက် မိုးကြီးနိုင်သလို ရွာရန်ရာနှုန်းပြည့်ဖြစ်တယ်လို့ ဇူလိုင် ၁၃ ရက် မနက် ၇ နာရီအချိန်ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် မြစ်ရေကြီးမှုသတိပေးချက်အနေနဲ့လည်း စစ်တောင်းမြစ်ရေဟာ မဒေါက်မြို့ရဲ့ စိုးရိမ်ရေမှတ် အထက် ၁ ပေလောက်ကျော်လွန်နေပြီး တောင်ငူမြို့မှာ မြို့ရဲ့ စိုးရိမ်ရေမှတ်အောက် ၄ ပေ ခွဲလောက်မှာ ရောက်ရှိနေတယ်လို့ဆိုပါတယ်။