Home
မြန်မာသတင်း
အမြန်လမ်းတွင် ၆ လတွင်း ယာဉ်မတော်တဆမှု ၉၀ ကျော်ဖြစ်ပြီး လူ ၃၀ ခန့် သေဆုံး
DVB
·
July 13, 2025
Photo: KKL

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမှာ အခုနှစ် ၆ လ အတွင်း ယာဉ်မတော်တဆမှုပေါင်း ၉၄ မှုဖြစ်ခဲ့ပြီး သေဆုံးသူ ၂၈ ယောက်အထိရှိခဲ့တယ်လို့ အမြန်လမ်းမကြီးရဲတပ်ဖွဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

အခုနှစ်ဇန်နဝါရီ ၁ ရက်ကနေ ဇွန် ၃၀ ရက်အထိ ၆ လအတွင်း အမြန်လမ်းမကြီးတလျှောက်မှာ ယာဉ်မတော်တဆမှု ၉၄ ကြိမ်ဖြစ်ခဲ့ပြီး ယာဉ်မတော်တဆမှုတွေကြောင့် အမျိုးသား ၁၄ ယောက်နဲ့ အမျိုးသမီး ၁၄ ယောက် သေဆုံးခဲ့ရတယ်လို့ဆိုပါတယ်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က “ရန်ကုန် - မန္တလေး အမြန်လမ်း ယာဉ်တိုက်မှုဖြစ်စဉ်အများစုက သတ်မှတ်အရှိန်နှုန်းထက်ပိုပြီး မဆင်မခြင် အရှိန်ပြင်း မောင်းနှင်ခြင်းကြောင့် ဖြစ်ပွားတာပိုများတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၆ လအတွင်း အမြန်လမ်းမှာ ယာဉ်မတော်တဆမှုတွေကြောင့် အမျိုးသား ၁၁၉ ယောက်နဲ့ အမျိုးသမီးအယောက် ၁၀၀၊ စုစုပေါင်း ၂၁၉ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပြီး ပျက်စီးမှုတန်ဖိုးအနေနဲ့ကျပ်သိန်းပေါင်း ၄,၀၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

ကူညီကယ်ဆယ်ရေးအဖွဲ့ဝင် တယောက်က “အမြန်လမ်းတွေမှာမောင်းတဲ့ယာဉ်မောင်းတွေက အခြား ယာဉ်မောင်းတွေထက် ပိုမိုသတိထားမောင်းဖို့ အကြံပြုချင်ပါတယ်။ ယာဉ်တိုက်မှုတွေ အများစုက အမြန်လမ်းပေါ်မှာ ဖြစ်တာများလို့ပါ။ ယာဉ်မောင်းတွေ အိပ်ငိုက်မှုကြောင့် ယာဉ်တိုက်မှုတွေ၊ ယာဉ်တိမ်းမှောက်မှုတွေ ဖြစ်တာလည်း ပါတယ်” လို့ ပြောပါတယ်။

ရန်ကုန်-မန္တလေး အမြန်လမ်းတလျှောက်မှာ သတ်မှတ်အရှိန်နှုန်းထက် ကျော်လွန်မောင်းနှင်တဲ့ ကားတွေကို အမြန်လမ်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ဇန်နဝါရီလကနေ ဇွန်လအထိ ၆ လအတွင်း သတ်မှတ်အရှိန်နှုန်းထက် ကျော်လွန်မောင်းတဲ့ ကား ၅၁၉၁ စီးကို အရေးယူခဲ့တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ယာဉ်တိုက်မှုကြောင့် သေဆုံးမှုအများစုဟာ ထိုင်ခုံခါးပတ် မပတ်တာကြောင့် ဖြစ်ပြီး အခုနှစ် ၆ လအတွင်း ထိုင်ခုံခါးပတ် မပတ်တဲ့ကားတွေကို ဖမ်းဆီးတာမှာ အမှုပေါင်း ၃၈၇ မှုရှိခဲ့တယ်လို့ ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013