ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်မှာ ဇွန် ၄ ရက် မနက်က ခရီးသည်တင်ယာဉ်တစီး လမ်းဘေးသစ်ပင်ကို ဝင်ရောက်တိုက်မိတာကြောင့် ယာဉ်မောင်းအမျိုးသား သေဆုံးခဲ့ပြီး ခရီးသည် ၁၁ ယောက် ဒဏ်ရာရခဲ့တယ်လို့ မြေပြင်ကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။
ကျုံပျော်ကနေ ရန်ကုန်ကို မောင်းနှင်လာတဲ့ အဲဒီခရီးသည်တင်ကားဟာ ကျောင်းကုန်းမြို့နယ်၊ သဲကုန်းကျေးရွာ၊ မိုင်တိုင်အမှတ် ၇၇ မိုင် ၇ ဖာလုံ အရောက်မှာ လမ်းဘေးထိုးကျပြီး သစ်ပင်ကို ဝင်ရောက်တိုက်မိကာ တိမ်းမှောက်ခဲ့တာလို့ ဆိုပါတယ်။
မြေပြင်ကူညီရေးအဖွဲ့က “တိမ်းမှောက်သွားတဲ့ကားက ခေတ်မီ ဆိုတဲ့ ခရီးသည်တင်ကားပါ။ ခေါင်းပိုင်းကြေမွပြီး ကားပေါ်ပါလာတဲ့ ခရီးသည်အားလုံး ဒဏ်ရာတွေ ရရှိခဲ့တာပါ။ ဒဏ်ရာရသူတွေက စိုးရိမ်ရသူ မပါဘူး” လို့ ပြောပါတယ်။
ယာဥ်ထိုးကျတိမ်းမှောက်တဲ့နေရာကို ကျောင်းကုန်းမြို့နယ် မီးသတ်စခန်းက မီးသတ်တပ်ဖွဲ့ဝင်တွေ သွားရောက် ကယ်ဆယ်ခဲ့ကြတယ်လို့ သိရပါတယ်။
ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် သေဆုံးတဲ့ ယာဉ်မောင်း ရုပ်အလောင်းနဲ့ ထိခိုက်ဒဏ်ရာရတဲ့ ခရီးသည်တွေကို ကျောင်းကုန်းလူငယ် နာရေးကူညီမှုအသင်းယာဉ်နဲ့ ကျောင်းကုန်း ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၂ ရက်၊ မနက်အစောပိုင်းကလည်း မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ မိတ္ထီလာ-ကျောက်ပန်းတောင်း ကားလမ်း၊ မိုင်တိုင် ၁၄ မိုင်၊ ၃ ဖာလုံနဲ့ ၄ ဖာလုံကြားမှာ ခရီးသည်တင်ယာဉ် ဘတ်စ်ကားတစီး တိမ်းမှောက်ခဲ့ရာ လူ ၆ ယောက် သေဆုံးတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါသေးတယ်။