
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ မေ ၃၁ ရက်နေ့ ညပိုင်းက ဆီတင်ကားနဲ့တိုက်မိပြီး ဆိုင်ကယ်စီးလာတဲ့ မြန်မာအမျိုးသမီးတယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
မယ်ပရပ်ကွက် B2 ဟော်တယ်အရှေ့လမ်းမှာ ည ၉ နာရီကျော်လောက်က ယာဉ်တိုက်မှုဖြစ်လို့ မယ်ပမြို့နယ် ကယ်ဆယ်ရေးအဖွဲ့က သွားရောက်ကူညီခဲ့ပြီး ဆေးရုံပို့ဆောင်ပေးခဲ့ပေမယ့် ဒဏ်ရာပြင်းထန်တာကြောင့် ဆေးရုံကြီးမှာသေဆုံးခဲ့တာလို့ ဆိုပါတယ်။
မျက်မြင်တွေ့ခဲ့သူတယောက်က “ကားကဟိုင်းဝေးလမ်းဆိုတော့ အရှိန်မထိန်းဘဲမောင်းကြလို့ တိုက်မိကြတာပါ။ ယာဉ်တိုက်မှု ခဏခဏဖြစ်တဲ့နေရာ၊ ခုဆီတင်ကားနဲ့တိုက်မိတဲ့ အသက် ၄၅ နှစ်လောက်ရှိမယ်။ ပရဟိတအဖွဲ့တွေရောက်လာပြီး ဆေးကုသဖို့ မဲဆောက်ဆေးရုံကြီးပို့ခဲ့ပေမဲ့ ထိခိုက်မှုများတာကြောင့် ညကပဲသေဆုံးသွားတယ်” ပြောပါတယ်။
မိုးတွေရွာနေတဲ့အချိန် ထိုင်းလူမျိုးမောင်းနှင်လာတဲ့ကားက ဆိုင်ကယ်ကို ဘေးကနေ တိုက်မိခဲ့တာဖြစ်ပြီး မောင်းနှင်သူကို ဖမ်းမမိသေးဘူးလို့လည်း သိရပါတယ်။
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ရွှေ့ပြောင်းမြန်မာနိုင်ငံသား အများအပြားရှိနေပြီး ယာဉ်မတော်တဆမှုတွေ မကြာခဏဖြစ်နေတာကြောင့် မြန်မာနိုင်ငံသားတွေအနေနဲ့ ယာဉ်စည်းကမ်းကို သေသေချာချာလေ့လာပြီးမှ စက်ဘီးစီးတာ၊ ဆိုင်ကယ်စီးတာတို့ကို လုပ်စေချင်တယ်လို့လည်း မဲဆောက်မှာနေထိုင်သူတွေက ဆိုပါတယ်။