ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့ ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် လူနေအိမ်အတွင်း ရေဝင်ရောက်နစ်မြုပ်နေတယ်လို့ ဒေသခံတွေနဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။
ဇူလိုင် ၁၃ ရက်ကစတင်ပြီး အဆက်မပြတ်ရွာသွန်းတဲ့ မိုးဒဏ်အရှိန်ကြောင့်နဲ့ ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ဟင်္သာတမြို့နယ်၊ လိပ်ချောင်းကျေးရွာက နေအိမ်တွေထဲကို ဇူလိုင် ၁၄ ရက် ညပိုင်းကစတင်ပြီး မြစ်ရေတွေ ဝင်ရောက်နေတာလို့ ဆိုပါတယ်။
ဒေသခံတယောက်က “မြစ်ချောင်းရေမြင့်တက်နေတာ၊ ၁၄ ရက်နေ့လောက်ကတည်းက ရေစတက်လာတာ။ မိုးကမပြတ်တော့ ပိုဆိုးတယ်။ ရေက ကျကို မကျတာ။ အိမ်တွေတော့ မြုပ်လာပြီ” လို့ ပြောပါတယ်။
လက်ရှိ မိုးအဆက်မပြတ် ရွာသွန်းတဲ့ဒဏ်ကြောင့်နဲ့ မြစ်ရေ မြင့်တက်လာမှုကြောင့် မြေနိမ့်ပိုင်း နေရာတွေက နေအိမ် ၄၀ လောက်အထိ ရေစတင်ဝင်ရောက်နေပြီး ဇူလိုင် ၁၆ ရက် နေ့လယ်ပိုင်းအထိ မိုးရွာသွန်းနေဆဲလို့ ဆိုပါတယ်။
ကူညီကယ်ဆယ်ရေးလုပ်ပေးနေသူက “လက်ရှိ နေအိမ်တွေထဲ ရေဝင်တာ ဟုတ်တယ်။ ပြောင်းရွှေ့တာ မရှိသေးပါဘူး၊ အမြင့်ပိုင်းနေရာတွေမှာ နေနေပါတယ်။ ဒီအတိုင်းနေလို့ရသေးလို့ပါ။ မိုးဆက်ရွာရင်တော့ ရေထပ်တိုးလာနိုင်တာကြောင့် မဖြစ်မနေ ပြောင်းရွှေ့ရပါ့မယ်” လို့ ပြောပါတယ်။
ဇူလိုင် ၁၆ ရက် နေ့လယ်ပိုင်းအထိ မိုးရွာသွန်းနေဆဲဖြစ်ပြီး ဆက်လက်မိုးရွာသွန်းပါက ရေမြင့်တက်လာနိုင်တာကြောင့် သတိပြုနေထိုင်ဖို့ လိုအပ်တယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက အကြံပြုထားပါတယ်။
စစ်ကောင်စီရဲ့ မိုးလေဝဌာနက ဇူလိုင် ၁၆ ရက်နေ့ မနက် ထုတ်ပြန်ချက်အရ ဧရာဝတီမြစ်ရေဟာ ဟင်္သာတမှာ စိုးရိမ်ရေအမှတ်အောက် ပေဝက်ခန့်မှာ ရောက်ရှိနေပြီး နောက်တရက်တွင်း စိုးရိမ်ရေမှတ်ကို ရောက်ရှိလာမယ်လို့ ဆိုပါတယ်။