ကရင်ပြည်နယ်၊ မြဝတီမြို့မှာ မိုးသည်းထန်ပြီး သောင်ရင်းမြစ် ရေကြီးနေတာကြောင့် ဇူလိုင် ၂၄ ရက် ဒီကနေ့ ဒေသခံ ပြည်သူ ၃၀၀၀ ကျော် နေရာပြောင်းရွှေ့ပြီး ဘေးလွတ် ကယ်ဆယ်ရေးစခန်းတွေမှာ သွားရောက်နေထိုင်နေကြရပါတယ်။
မြဝတီမြို့မှာ ဖွင့်လှစ်ထားတဲ့ ယာယီ ရေဘေးကယ်ဆယ်ရေးစခန်း ၈ ခုမှာ ရေဘေးရွှေ့ပြောင်းရသူ အမျိုးသား ၁,၆၃၅ ယောက်၊ အမျိုးသမီး ၁,၆၄၆ ယောက် စုစုပေါင်း ၃,၂၈၁ ယောက် ရှိတယ်လို့ အာဏာပိုင်တွေ ထုတ်ပြန်ထားတဲ့ စာရင်းအရ သိရပါတယ်။
မြဝတီမြို့ရှိ ရပ်ကွက် ၇ ခုထဲမှာ ရပ်ကွက် ၅ ခုက ရေဘေးနဲ့ ရင်ဆိုင်နေရတာဖြစ်ပြီး သက်ကြီးရွယ်အိုတွေ၊ ကျန်းမာရေးမကောင်းသူတွေနဲ့ ကလေးငယ်တွေ နေရာရွှေ့ပြောင်းဖို့ကို ကယ်ဆယ်ရေးအဖွဲ့တွေ၊ ရပ်ကွက်အလိုက် တာဝန်ရှိသူတွေ၊ ဌာနဆိုင်ရာတွေ၊ BGF အပါအဝင် ကရင်လက်နက်ကိုင် အဖွဲ့တွေက ပူးပေါင်းကူညီပေးနေတယ်လို့ မြဝတီမြို့ခံတယောက်က ပြောပါတယ်။
ဇူလိုင် ၂၄ ရက် မနက် ၉ နာရီခွဲအချိန် တိုင်းထွာချက်အရ မြဝတီမြို့ရှိ သောင်ရင်းမြစ်ရေဟာ စိုးရိမ်ရေအမှတ် ၉၆၃ စင်တီမီတာရဲ့ အထက် ၁၃၄၃ စင်တီမီတာကို ရောက်ရှိနေတာ ဖြစ်ပါတယ်။
ဒါကြောင့် မြေနိမ့်ပိုင်းက ပြည်သူတွေကို ဘေးလွတ်ရာ ဘုန်းကြီးကျောင်းတွေမှာ ဖွင့်လှစ်ထားတဲ့ ကယ်ဆယ်ရေးစခန်း ၈ ခုမှာ ပြောင်းရွှေ့နေရာချထားပေးတာ ဖြစ်ပါတယ်။