
မန္တလေးတိုင်း၊ မိုးကုတ်မြို့ရှိ ရွှေလိပ်ပြာဟိုတယ်ကို ဇူလိုင် ၂၆ ရက် ညနေ ၅ နာရီလောက်မှာ စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ တယောက် သေဆုံးကာ ၇ ယောက် ဒဏ်ရာရခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
ရွှေလိပ်ပြာဟိုတယ်ကို ဂျက်တိုက်လေယောဉ်ကနေ ၁၀ မိနစ်ဝန်းကျင် ဦးတည် ပစ်ခတ်ခဲ့တာမှာ ဒေသခံအမျိုးသား တယောက် နေရာမှာတင် သေဆုံးကာ နောက်ထပ် ၇ ယောက် ဒဏ်ရာရခဲ့တယ်လို့ မိုးကုတ်မြို့ခံ အမျိုးသမီးတယောက်က ပြောပါတယ်။
“ဂျက်ဖိုက်တာနဲ့ လာပစ်တာ ဟုတ်တယ်။ ပစ်တဲ့အချိန်က အရမ်းကြောက်ပြီး ဆိုင်ကယ် မောင်းနေရင်း ပစ်ချပြီး လမ်းဘေးဆင်းပြေးရတယ်။ အဲဒီမှာက လီဆူတွေ နေတယ်။ အသက် ၄၀ ကျော်အရွယ် အမျိုးသားတဦး ကနဦး သေတယ်လို့ သိထားတယ်။ တော်တော်များများ ထိတယ်။ သေတယ်လို့ ကြားတယ်။ သွားတော့ ကြည့်မရသေးဘူး၊ ဟိုတယ်ရော ဒေသခံအိမ်တွေရော အကုန်စုတ်ပြတ်ကုန်တာ။”
ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရတာကြောင့် သေဆုံးထိခိုက်သူတွေရဲ့ နာမည်နဲ့ အသေးစိတ်အချက်အလက်တွေကို အတိအကျ မသိရသေးပါဘူး။
ဇူလိုင် ၂၆ ရက်မှာပဲ မိုးကုတ်-မန္တလေး ကားလမ်းမကို စစ်ကောင်စီတပ်က ဖြတ်သန်းခွင့် ပိတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ လေကြောင်းတိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး ပြောခွင့်ရသူ လွေးယေဦးကို တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမဖြေဆိုပါဘူး။