Home
မြန်မာသတင်း
ပုလောတွင် စစ်ကောင်စီတိုက်ခိုက်မှုကြောင့် အရပ်သား ၁၅ ဦးသေဆုံး
DVB
·
July 26, 2025
Photo: PDF Myeik District Battalion

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်မှာ စစ်ကောင်စီက လေကြောင်းအပါအဝင် လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် တရက်အတွင်း အရပ်သား အနည်းဆုံး ၁၅ ယောက် သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇူလိုင် ၂၅ ရက်နေ့က ပလမြို့အပါအဝင် အနီးအနားကကျေးရွာတွေကို စစ်ကောင်စီက လေကြောင်းကနေ အနည်းဆုံး ၈ ကြိမ်တိုက်ခိုက်ခဲ့ပြီး လက်နက်ကြီးနဲ့လည်း တနေကုန်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “လက်နက်ကြီးပစ်တာက စကစရဲ့ စက်တော်ရာစခန်း၊ ၂၈၅ တပ်ရင်း၊ မိုင်ခရိုဝေ့တောင်နဲ့ စစ်သင်္ဘောတွေကနေလှမ်းပစ်နေတာပါ။ ဗုံးသီး ရာဂဏန်းကျော်တယ်။ ၁၂၀ မမတွေများတယ်။ အရပ်သားထိခိုက်သေဆုံးတာလည်းများတယ်”လို့ ပြောပါတယ်။

အဲဒီနေ့ညမှာပဲ စစ်ကောင်စီက ပုလောမြို့နယ်၊ ဇရပ်ဆိပ်ရွာကို ဒရုန်းတိုက်ခိုက်တာအပါအဝင် လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် အိမ်ရှင် ဦးမြင့်သန်းအပါအဝင် ခရီသည် ၁၀ ယောက် သေဆုံး၊ ၆ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။

ဗုံးကျတဲ့အချိန်က ၁ ယောက်ပဲသေဆုံးပေမယ့် ဒဏ်ရာရသူတွေကို ဒေသခံတွေက ကူညီကယ်ဆယ်နေချိန်မှာပဲ ပါဒစက်တော်ရာတောင် စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ထပ်ပစ်ခတ်ခဲ့တာကြောင့် ပြည်သူ ၉ ယောက်ထပ်သေဆုံး၊ ၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ မြိတ်ခရိုင်တပ်ရင်း ၁ က ထုတ်ပြန်ပါတယ်။

သေဆုံးခဲ့တဲ့အရပ်သားတွေဟာ တိုက်ပွဲတွေကြောင့် ခရီးမဆက်နိုင်လို့ နီးစပ်ရာကျေးရွာမှာ တည်းခိုနေတဲ့ အပြစ်မဲ့အရပ်သားတွေဖြစ်ပြီး စစ်ကောင်စီတပ်ဟာ တရားလက်လွတ် စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေပြီး ပုလောမြို့နယ်တွင်းမှာလည်း တိုက်ပွဲတွေ ဆက်ပြင်းထန်လာနိုင်တဲ့အတွက် ပြည်သူတွေအနေနဲ့ဗုံးခိုကျင်းတွေ စနစ်တကျတူးဖော်ထားဖို့နဲ့ ဘေးလွတ်ရာကို အမြန်ဆုံးထွက်ခွာဖို့ တပ်ရင်းရဲ့ထုတ်ပြန်ချက်မှာ သတိပေးထားပါတယ်၊

ဒါ့အပြင် စစ်ကောင်စီဘက်က လေကြောင်းအပါဝင် လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ပလမြို့အနီးနားဝန်းကျင်ရွာတွေက အရပ်သား အနည်းဆုံး ၅ ယောက် သေဆုံးပြီး ဘုန်းကြီးအပါအဝင် ၁၀ ယောက် ထိခိုက်ဒဏ်ရာရှိခဲ့သေးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အခုလက်ရှိမှာတော့ ပုလောမြို့နယ်၊ ပလမြို့အနီးမှာ နှစ်ဖက်စစ်ရေးတင်းမာနေပြီး စစ်ကောင်စီက မြိတ်-ထားဝယ် ပြည်ထောင်စုလမ်းမကြီးပေါ်မှာရှိတဲ့ မီးလောင်ချောင်းစစ်ဆေးရေးဂိတ်နဲ့ ပုလောစစ်ဆေးရေးဂိတ်တို့ကို ပိတ်ထားတာကြောင့် ကုန်ကားအပါအဝင် ခရီးသည်ကားတွေ ပိတ်မိနေတယ်လို့ သိရပါသေးတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024