
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ လိုင်းကြေးပေးပြီး ဖွင့်ထားတဲ့ တရုတ် လောင်းကစားရုံကို စစ်ကောင်စီက ပြန်ဖမ်းတာကြောင့် လောင်းကစား လုပ်နေသူ ၃၈ ယောက် ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
လားရှိုးမြို့က ရပ်ကွက် ၇ မှာ စစ်ကောင်စီလက်အောက်ခံတွေဆီ ငွေပေးဖွင့်ထားတဲ့ တရုတ်လောင်းကစားရုံကို ဇူလိုင် ၁၆ ရက်က ဝင်ဖမ်းတာဖြစ်ပြီး အမျိုးသမီးနဲ့ အမျိုးသား ၃၈ ယောက် ဖမ်းဆီးခံရတာလို့ ဆိုပါတယ်။
လားရှိုးမြို့ ဒေသခံတယောက်က “၁၆ ရက်နေ့က ရပ်ကွက် ၇ လောင်းကစားဝိုင်းကို လိုင်းကြေးပေးထားလျက်နဲ့ ဝင်ဖမ်းတယ်။ စုစုပေါင်း ၃၈ ယောက် ဖမ်းခံထားရတယ်။ ပိုက်ဆံနဲ့ ညှိတာ မရဘူး။ ထောင် ၆ လ ဒါမှမဟုတ် ၁ နှစ်ကျမယ် ပြောတယ်။ လောင်းကစားရုံ ဖဲဝိုင်းမှာ အသိတယောက်ရဲ့ အစ်ကိုလည်း ဖမ်းခံရတဲ့ထဲ ပါတယ်” လို့ DVB ကို ပြောပါတယ်။
ဖမ်းဆီးခံရသူတွေထဲမှာ တရုတ်နိုင်ငံသားတွေလည်း ပါဝင်နေပြီး လားရှိုးမြို့ အမှတ် ၁ ရဲစခန်းအချုပ်ထဲမှာ ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။
လားရှိုးမြို့ ဒေသခံ တယောက်က “ဖဲဝေတဲ့ မိန်းကလေးတွေကော ပါတယ်။ အမှတ် ၂ က ၁၀၂၇ ကာလက တော်တော်များများ ပျက်စီးသွားလို့။ သူတို့ပဲ ခွင့်ပြုမိန့်ပေးထားလည်း အထက်က ခွဲတမ်းမရဘူး နေမှာပေါ့။ အဲဒီလောင်းကစားရုံက တရုတ်တွေ ဗမာတွေကော သွားတာပဲ။ ဖမ်းခံရတဲ့ တချို့ ရွာတွေက။ ဧည့်တွေ့တော့ လက်ခံတယ်”လို့ ပြောပါတယ်။
၁၀၂၇ စစ်ဆင်ရေးကာလပြီးနောက် လားရှိုးမြို့ အကျဥ်းထောင်လည်း ပျက်စီးသွားလို့ ထောင်ဝန်ထမ်းတွေလည်း မရှိသေးတာကြောင့် ဖမ်းဆီးထားသူတွေကို တရားရုံးထုတ်ပြီး ရဲစခန်း အချုပ်မှာပဲ ဖမ်းဆီးမယ့်အခြေအနေ ဖြစ်တယ်လို့ ဆိုပါတယ်။
လားရှိုးမှာ တရားရုံးကို ပိတ်ထားပြီး အတွင်းပိုင်းမှာ တရားရေးတွေ လုပ်ဆောင်နေတာဖြစ်ပြီး လူစိမ်းပေးမဝင်ဘူးလို့ ဆိုပါတယ်။