
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ စစ်ကောင်စီလက်အောက်ခံ စည်ပင်ဌာနကနေ ကန်ထရိုက်ပေးထားတဲ့ ကုမ္ပဏီက အမှိုက်ခွန်တွေ တိုးကောက်လိုက်တာကြောင့် ပြည်သူတွေအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လာတယ်လို့ မြို့ခံတွေက ပြောပါတယ်။
တရုတ်နိုင်ငံရဲ့ ဝင်ရောက်စွက်ဖက်မှုနဲ့ စစ်ကောင်စီတပ် ပြန်လည်အခြေခွင့်ရခဲ့တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့မြို့တော် လားရှိုးမြို့မှာ စစ်ကောင်စီလက်အောက်ခံ စည်ပင်သာယာဌာနကနေ ကန်ထရိုက်ပေးထားတဲ့ လားရှိုးအီကိုကုမ္ပဏီလီမီတက် က အမှိုက်ခွန်တွေကို အရင်ကထက် အဆမတန်တိုးပြီး ကောက်နေတာပါ။
အရင်က အမှိုက်သိမ်းခအဖြစ် အိမ်တအိမ်ကို တလ ကျပ် ၁၀၀၀ လောက်ပဲကောက်ခံခဲ့ရာက အခု တအိမ်ကို တလ အနည်းဆုံး ကျပ် ၃၀၀၀ ကနေ အများဆုံး ကျပ် ၅၀၀၀ အထိမြင့်တက်သွားသလို စီးပွားရေးလုပ်ငန်းတွေကိုလည်း လုပ်ငန်းအမျိုးအစားအပေါ်မူတည်ပြီး တလကို အနည်းဆုံး ကျပ် ၂၈,၀၀၀ ကနေ အများဆုံး ကျပ် ၂၈၀,၀၀၀ လောက်အထိကောက်ခံနေပါတယ်။
ဒါကြောင့် အခြေခံ လက်လုပ်လက်စားပြည်သူတွေမှာ အမှိုက်အခွန်ပေးဆောင်ဖို့ ဝန်ထုပ်ဝန်ပိုး ဖြစ်တယ်လို့ လားရှိုးမြို့ခံတယောက်က ပြောပါတယ်။
လားရှိုးမြို့မှာ ငွေကြေးစီးဆင်းလည်ပတ်နိုင်ဖို့ မြန်မာ့စီးပွားရေးဘဏ်တခုသာ ဖွင့်လှစ်နိုင်သေးပြီး ကျန်တဲ့ပုဂ္ဂလိက ဘဏ်တွေမှာ ပြန်မဖွင့်နိုင်တာ သေးပါဘူး။
တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှာလည်း အမှိုက်သိမ်းခတွေကို လားရှိုးနည်းတူ တိုးမြှင့်ကောက်ခံ နေပါတယ်။
ဒါ့အပြင် ရှမ်းမြောက်ဒေသတွင်းမှာ နိုင်ငံရေးနဲ့ စစ်ရေးတွေ တည်ငြိမ်မှု မရှိသေးတာကြောင့်လည်း စီးပွားရေးလုပ်ငန်းရှင် အများစုဟာ စက်ရုံ၊ အလုပ်ရုံနဲ့ လုပ်ငန်းကြီးတွေကို ပြန်လည်ရင်းနှီးမြုပ်နှံလုပ်ကိုင်တာ မရှိသေးပါဘူး။
ဒါ့ကြောင့် မြို့မှာ ပုံမှန်ဝင်ငွေရှိသူတွေ နည်းပါးနေပြီး အများစုမှာ နေ့စဉ် ပုံမှန်ဘ၀ ရပ်တည်နိုင်ရေးအတွက် ရုန်းကန်နေရတာကြောင့် တိုးမြင့်ကောက်ခံတဲ့ အခွန်တွေကို ပေးဆောင်နိုင်ဖို့ ခက်ခဲနေကြတယ်လို့ မြို့ခံက ဆိုပါတယ်။
စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တည်ရှိရာ လားရှိုးမြို့ကို MNDAA ကိုးကန့်တပ်ဦးဆောင်တဲ့ တော်လှန်ရေးအင်အားစုတွေက ၂၀၂၄ သြဂုတ်လမှာ အပြီးတိုင်သိမ်းယူခဲ့ပါတယ်။
၂၀၂၅ ဧပြီလမှာတော့ တရုတ်နိုင်ငံရဲ့ ဝင်ရောက်စွက်ဖက်မှုကြောင့် လားရှိုးမြို့ပေါ် ရပ်ကွက် ၁၂ ခုကို ကိုးကန့်တပ်က စစ်ကောင်စီကို လွှဲပြောင်းအုပ်ချုပ်ခွင့်ပေးခဲ့တာဖြစ်ပါတယ်။