Home
မြန်မာသတင်း
စစ်ကောင်စီ ဌာနဆိုင်ရာ ဝန်ထမ်းများစာရင်း ပေါက်ကြား 
DVB
·
July 24, 2025

ဖိုင်ပေါင်း ၃ သောင်းကျော်နဲ့ ပေါက်ကြားလာခဲ့တဲ့ စစ်ကောင်စီဘက်က အချက်အလက်တွေကြောင့် စစ်ကောင်စီ အဖွဲ့အစည်းအတွင်းမှာ ဘာတွေ ဖြစ်လာနိုင်မလဲဆိုတာကို ကနဦးဖြန့်ဝေသူနဲ့ အရပ်ဘက်အဖွဲ့တွေက သုံးသပ်ပေးထားပါတယ်။ 

ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက ဝက်ဘ်ဆိုဒ်တခုကနေ စစ်ကောင်စီအဖွဲ့အစည်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ဌာနဆိုင်ရာ ဝန်ထမ်းစာရင်းတွေ ပေါက်ကြားလာခဲ့ပါတယ်၊ ဖိုင်ပေါင်း ၃၇၇၀၁ ဖိုင်၊ ဖိုဒါ ၁၈ ခုနဲ့  Excel ဖိုင်ပေါင်း ၉၉၀ ပါဝင်တယ်လို့ ကနဦးအချက်အလက်ဖြန့်ဝေသူ (Fb acc name Min Khant Aung V)  ဆီကနေ သိရပါတယ်။

စစ်ကောင်စီ ဝန်ကြီးဌာနပေါင်းစုံက ဝန်ထမ်းတွေ အမည်၊ မှတ်ပုံတင်၊ ဌာန၊ လစာ၊ ရာထူး၊ မွေးသက္ကရာဇ်၊ အသက်၊ လိင်၊ သွေးအုပ်စု၊ လက်ရှိ နေရပ်လိပ်စာနဲ့ ဖုန်းနံပါတ်တွေ အပါအဝင် ကိုယ်ရေးအချက်အလက်ပေါင်း ၃၀ လောက် ပါဝင်ပါတယ်။

အချက်အလက်တွေကို တော်လှန်ရေးအဖွဲ့တွေဆီ ပေးပို့သွားမှာဖြစ်သလို ဆက်သွယ် တောင်းခံလာတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေကို ပေးပို့သွားမှာဖြစ်ကြောင်းနဲ့ အချက်အလက်တွေကို ကိုင်တွယ်နိုင်တဲ့ အဖွဲ့အစည်းတွေအပေါ် မူတည်ပြီး အကျိုးဆက်တွေ ရှိလာနိုင်ကြောင်း ကနဦးဖြန့်ဝေသူက DVB ကို ပြောပါတယ်။ 

ကနဦး အချက်အလက်ဖြန့်ဝေသူ (Min Khant Aung V) က “စကစရဲ့ ဝန်ကြီးဌာနတွေကို အထိနာစေတဲ့ အချက်အလက် မြောက်မြားစွာ ပါဝင်နေတာ တွေ့ရပါတယ်။ ကိုယ်ရေးအချက်အလက် ဆိုတာ မသက်ဆိုင်တဲ့သူတွေဆီ ရောက်သွားရင် အန္တရာယ်ရှိလာနိုင်မှန်း ကျနော်တို့အားလုံး နားလည်ပါတယ်။ ဒီအချက်အလက်တွေကို ကိုင်တွယ်နိုင်တဲ့ အဖွဲ့အစည်း လူပုဂ္ဂိုလ်ပေါ် မူတည်ပြီး တဖက်အုပ်စုအပေါ် အနှေးနဲ့အမြန် အကျိုးဆက်ရှိလာမယ်၊ ကျနော်တို့ မျှော်လင့်ထားတဲ့ အပြောင်းအလဲတချို့ ဖြစ်လာနိုင်သလို မထင်မှတ်တဲ့ အလှည့်အပြောင်းတွေလည်း ဖြစ်လာနိုင်ပါတယ်။ နိုင်ငံတခုရဲ့ အစိုးရလို့ သူတို့ကိုယ်သူတို့ ခံယူထားသူတွေအဖို့ တကယ့် အရှက်ရစရာကိစ္စပဲ ဖြစ်တယ်။ ကိုယ့်ဝန်ထမ်း လူ ၂ သိန်းကျော် စာရင်းတောင် မထိန်းသိမ်းနိုင်ဘဲ လူ သန်း ၅၀ ကိုယ်စားပြုမယ့် ရွေးကောက်ပွဲကို ဘယ်လို လုံခြုံစိတ်ချရမလဲဆိုတာ သူတို့အချင်းချင်း မေးခွန်းထုတ်ရမှာပါ” လို့ ပြောပါတယ်။

လက်ရှိအထိ ကာကွယ်ရေးဝန်ကြီးဌာန လူစာရင်းနဲ့ အကျဉ်းဦးစီးဌာနက လူစာရင်းတွေကိုတော့  ဖြန့်ဝေသူရဲ့ ကိုယ်ပိုင်လူမှုကွန်ရက်စာမျက်နှာကနေ ဖြန့်ဝေထားပြီးဖြစ်ပြီး ဆက်လက်လည်း ဖြန့်ဝေသွားမယ်လို့ ဆိုပါတယ်။ 

ပေါက်ကြားလာတဲ့ အကျဉ်းဦးစီးဝန်ထမ်း စာရင်းတွေကို စိစစ်ကြည့်တဲ့အခါ မှန်ကန်ကြောင်းနဲ့ တာဝန်ယူမှု တာဝန်ခံမှုအတွက် အသုံးချတတ်မယ်ဆို အလွန်အသုံးဝင်မှာဖြစ်ကြောင်းကို မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားကွန်ရက် (PPNM) ရဲ့ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောပါတယ်၊

“ပြန်တိုက်စစ်ပြီး ကျနော်တို့ ပြုစုနေတဲ့ စာရင်းမှာကျ အရမ်းကိုမှ ရဖို့ ခက်ခဲတဲ့ အချက်တွေပေါ့။ ဒါပေမဲ့ ကျနော်တို့ ကနဦးကြည့်ထားရသလောက်ကတော့ မှန်တယ်ဗျ ဒီစာရင်းတွေကလေ။ ကျနော်တို့ဘက်က ဒီလိုဒေတာတွေရဖို့ စနစ်တကျကြိုးစားရင်တောင် အခက်အခဲရှိတဲ့ အခြေအနေမျိုးမှာ အခုလို အသင့်ရလိုက်တဲ့ အခြေအနေမျိုးမှာ ကျနော်တို့ ဘယ်လိုမျိုး အသုံးချသင့်လဲဆိုတဲ့ အခြေအနေရယ်၊ အသုံးချမယ့် အဖွဲ့အစည်းရယ်ပေါ်မှာတော့ အများကြီး အကျိုးသက်ရောက်မှုရှိလိမ့်မယ်လို့ ကျနော်တို့ ပြောနိုင်ပါတယ်၊ ကျူးလွန်သူတွေကို အချက်အလက် တိတိကျကျနဲ့ပြောဖို့ အခက်အခဲရှိတဲ့ဟာမျိုး ကျနော်တို့ ကြုံတွေ့ခဲ့ရတယ်။ ဒီဒေတာ အချက်အလက်တွေကတော့ အများကြီး ရလိုက်တာဖြစ်တဲ့အတွက် အကျဉ်းထောင်ရေးနဲ့ ပတ်သက် လာရင် ဒီလူတွေဟာ တရားမျှတမှု ပြန်လည်ဖော်ဆောင်တဲ့နေရာမှာရော လက်ရှိ ကြားကာလမှာ တရားမျှတမှု ဖော်ဆောင်တဲ့ နေရာမှာပါ အများကြီးအထောက်ပံ့ဖြစ်တဲ့ အချက်အလက်တွေ ဖြစ်တယ်လို့ ကျနော်တို့မြင်ပါတယ်” လို့ ပြောပါတယ်။

ပေါက်ကြားမှုတွေထဲ စစ်ကောင်စီမှာ လက်ရှိ တာဝန်ထမ်းဆောင်နေသူတွေအပြင် ဝန်ထမ်းအဖြစ်က နုတ်ထွက်ထားသူတွေ၊ ကွယ်လွန်သူနဲ့ ခွင့်မဲ့တိမ်းရှောင်နေသူတွေရဲ့ အချက်အလက်တွေနဲ့ ပြည်ပနိုင်ငံတွေဆီ သွားရောက် ပညာသင်စာရင်းတွေလည်း ပါဝင်တာ တွေ့ရပါတယ်။

ရရှိထားတဲ့ အချက်အလက်ဖိုင်တွေကို DVB က စစ်ဆေးကြည့်တဲ့အခါမှာတော့ ၂၀၂၅ ခုနှစ် ဇွန်လအထိ နောက်ဆုံးရ အချက်အလက်တွေအထိ ပါဝင်နေကြောင်းနဲ့ ဌာနတခုလုံးရဲ့ ဝန်ထမ်းတွေရဲ့ ကိုယ်ရေးအချက်အလက်တွေအပြင် ရာထူးတိုး၊ လစာတိုး၊ ပြောင်းရွှေ့နဲ့ ဝန်ထမ်းအသစ် ခန့်အပ်မှု လျှို့ဝှက်စာဖိုင် အချက်အလက်ပေါင်း မြောက်မြားစွာ ပါဝင်နေတာလည်း တွေ့ရပါတယ်။

ဝေဝေ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013