Home
မြန်မာသတင်း
အမေရိကန် အခွန်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ရန် စစ်ကောင်စီ ပြင်ဆင်
DVB
·
July 24, 2025
Photo: MOI (စစ်ကောင်စီ ဘဏ္ဍာရေးဆိုင်ရာကော်မရှင်အစည်းအဝေး။)

မြန်မာကနေ အမေရိကန်ကို တင်ပို့မယ့် ကုန်ပစ္စည်းတွေအပေါ် အခွန် ၄၀  ရာခိုင်နှုန်း တိုးကောက်ခံတဲ့ ကိစ္စအတွက် ညှိနှိုင်းဆောင်ရွက်ဖို့ စစ်ကောင်စီက ကိုယ်စားလှယ်အဖွဲ့တဖွဲ့ စေလွှတ်ဖို့ ပြင်ဆင်နေတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေက DVB ကို အတည်ပြုပြောပါတယ်။

အဲဒီကိုယ်စားလှယ်အဖွဲ့မှာ ပါဝင်သူတွေရဲ့ အချက်အလက်တွေကို အတိအကျ မသိရသေးပေမဲ့ အမြန်ဆုံး ညှိနှိုင်းဆောင်ရွက်နိုင်ဖို့ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

Myanmar-American Advocates For Democracy In Myanmar အဖွဲ့ကတော့ စစ်ကောင်စီ စေလွှတ်မယ့် ကိုယ်စားလှယ်အဖွဲ့မှာ ဒေါက်တာဇော်ဦးနဲ့ ဦးမင်းမင်း တို့ ပါဝင်တယ်လို့ မကြာသေးခင်က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီခန့်ထားတဲ့ မြန်မာနိုင်ငံ ဗဟိုဘဏ်ရဲ့ ဒါရိုက်တာအဖွဲ့ဝင်တယောက် ဖြစ်တဲ့ ဒေါက်တာဇော်ဦး ကတော့ ကိုယ်စားလှယ်အဖွဲ့မှာ သူ မပါဝင်ကြောင်း DVB ကို ငြင်းဆိုပါတယ်။

“သတင်းအမှားပါ။ ကိုယ်စားလှယ်အဖွဲ့မှာ ကျနော့်နာမည် ပါနေတာက သတင်းအမှားပေါ့။ ကျနော့်ကို ဘာတာဝန်မှ ပေးအပ်ထားတာ မရှိပါဘူး။ ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ဖို့ ရှိပေမဲ့ ကျနော်ကတော့ မပါ ပါဘူး။"

ဒါ့အပြင် ကိုယ်စားလှယ်အဖွဲ့မှာ ပါဝင်သူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို အမေရိကန်ဘက်က တာဝန်ရှိသူတွေကို ပေးပို့ထားပြီး အမေရိကန်ဘက်ကတော့ တုံ့ပြန်လာတာ မရှိသေးဘူးလို့ နီးစပ်သူတွေက ပြောပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့  မြန်မာစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ပေးပို့ထားတဲ့ အကြောင်းကြားစာမှာတော့ လာမယ့် ဩဂုတ် ၁ ရက်ကစပြီး မြန်မာနိုင်ငံကနေ အမေရိကန်ကို တင်ပို့မယ့် ကုန်ပစ္စည်းတွေအပေါ် စည်းကြပ်အခွန် ၄၀  ရာခိုင်နှုန်း စတင်ကောက်ခံတော့မယ်လို့ ဖော်ပြထားပါတယ်။ 

မြန်မာစစ်ခေါင်းဆောင်ကလည်း မြန်မာပို့ကုန်အပေါ် အခွန်နှုန်းထားတွေနဲ့ပတ်သက်ပြီး တွေ့ဆုံညှိနှိုင်းဖို့ လိုအပ်ရင် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ကို အမြန်ဆုံး စေလွှတ်ပေးသွားမယ်လို့ အမေရိကန်သမ္မတထံ ပြန်စာပေးပို့ထားပါတယ်။ Photo: MOI  (စစ်ကောင်စီ ဘဏ္ဍာရေးဆိုင်ရာကော်မရှင်အစည်းအဝေး။)

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013