Home
နိုင်ငံတကာ
UNESCO မှ အမေရိကန် နုတ်ထွက်မည်ဟု နိုင်ငံခြားရေးဌာန အတည်ပြု
DVB
·
July 23, 2025
Photo: REUTERS/Kylie Cooper

ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) ဟာ ယဉ်ကျေးမှုနဲ့ လူမှုရေးအရ မမျှတတဲ့ ခွဲခြားမှုတွေအပေါ်  ထောက်ခံ အားပေးနေတာကြောင့် အမေရိကန်နိုင်ငံအနေနဲ့ အဖွဲ့ဝင်အဖြစ်ကနေ နုတ်ထွက်တော့မယ်လို့ နိုင်ငံခြားရေးဌာနက အတည်ပြုပါတယ်။ 

UNESCO ရဲ့ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးကဏ္ဍမှာ တကမ္ဘာလုံးနဲ့ ပူးပေါင်းဆောင်ရွက်ရေး အတွေးအခေါ်ဟာ အမေရိကန်-ဦးစားပေး နိုင်ငံခြားရေးမူဝါဒနဲ့ မကိုက်ညီဘူး ဆိုပြီး ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။ 

၂၀၁၁ ခုနှစ်မှာ UNESCO အဖွဲ့ဝင်အဖြစ် ပါလက်စတိုင်းနိုင်ငံကို တရားဝင် လက်ခံခဲ့တာနဲ့ အစ္စရေး ဆန့်ကျင်ရေး ရည်တည်ချက်တွေ  အဖွဲ့အစည်းအတွင်း တိုးပွားလာတယ်လို့ပါ  အမေရိကန်က ဝေဖန်သွားပါတယ်။

လာမယ့် ၂၀၂၆ ဒီဇင်ဘာလမှာ အမေရိကန်ရဲ့  နုတ်ထွက်မှု စတင်အသက်ဝင်မှာ ဖြစ်ပါတယ်။  ဒါဟာ ထရမ့်ပ် အစိုးရဘက်က နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပတ်သက်ဆက်နွှယ်မှုကို ဖြတ်တောက် လိုတဲ့ နောက်ဆုံးကြိုးပမ်းချက်လည်း ဖြစ်ပါတယ်။ 

အစောပိုင်းမှာ အမေရိကန်ဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နဲ့ ပဲရစ်ရာသီဥတု သဘောတူညီချက်ကနေ နုတ်ထွက်ထားတဲ့အပြင် ပြည်ပအကူအညီပေးရေး ရန်ပုံငွေတွေကိုပါ ဖြတ်တောက်ခဲ့ပါတယ်။ 

UNESCO ရဲ့ ညွှန်ကြားရေးမှူးချုပ် အော်ဒရီအဇူလေကတော့ ဝါရှင်တန်ရဲ့ ဆုံးဖြတ်ချက်ဟာ မလိုလားအပ်ပေမဲ့  ဒါကို မျှော်လင့်ထားပြီးသားဖြစ်တယ်လို့ မှတ်ချက်ပြုပါတယ်။ 

UNESCO ရဲ့ ဘတ်ဂျက် ၈ ရာခိုင်နှုန်းလောက်ဟာ အမေရိကန်ဆီက ရရှိနေတာဖြစ်တဲ့အလျောက် မတူညီတဲ့ ရန်ပုံငွေရင်းမြစ်တွေကို ရှာဖွေပြီး ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။ 

UNESCO အဖွဲ့မှာ ကမ္ဘာတဝန်းက အဖွဲ့ဝင် ၁၉၄ နိုင်ငံ အဖွဲ့ဝင် အဖြစ် ပါဝင်ပြီး သမိုင်းအမွေအနှစ် နေရာတွေကို စစ်ဆေးအတည်ပြုပေးတဲ့အဖွဲ့အဖြစ် လူသိများ ထင်ရှားပါတယ်။ 

၂၀၁၇ ခုနှစ် ထရမ်ပ့် ပထမ သက်တမ်းတုန်းကလည်း UNESCO အဖွဲ့ဝင်အဖြစ် နုတ်ထွက်ခဲ့ဖူးသလို အိုဘားမားလက်ထက်မှာလည်း ဒေါ်လာ သန်း ၆၀ ရန်ပုံငွေကို ဆိုင်းငံ့ခဲ့ဖူးပြီး ဘိုင်ဒင် အစိုးရ တက်လာချိန်မှာတော့ နောက်ကြောင်းပြန်လှည့်ခဲ့ပါတယ်။​ 

၁၉၄၅ ခုနှစ်၊ နိုဝင်ဘာလတုန်းက ဒုတိယကမ္ဘာစစ်အပြီး သိပ်မကြာခင်မှာ ပဲရစ်မြို့ ​အခြေစိုက် UNESCO အဖွဲ့ကို စတင်ထူထောင်ခဲ့တာပါ။

အဲဒီကုလအေဂျင်စီဟာ ပညာရေး၊ အနုပညာ၊ သိပ္ပံနဲ့ ယဉ်ကျေးမှုကဏ္ဍမှာ ကမ္ဘာ့လုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကနေ ငြိမ်းချမ်းရေးနဲ့ လုံခြုံမှုကို မြှင့်တင်နိုင်ဖို့အတွက် ရည်ရွယ်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013