
ဂျပန်မှ အမေရိကန်ကို တင်သွင်းတဲ့ သွင်းကုန်တွေအပေါ် စည်းကြပ်ခွန် ၁၅ ရာခိုင်နှုန်း ကောက်ခံမယ့် ကုန်သွယ်ရေးသဘောတူညီချက်ကို အမေရိကန်နဲ့ ဂျပန်နိုင်ငံတို့ဟာ လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ပ်က ဇူလိုင် ၂၂ ရက်မှာ ပြောပါတယ်။
ဒီသဘောတူညီချက်မှာ အမေရိကန်ပြည်ထောင်စုမှာ ဂျပန်ရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၅၅၀ ဘီလီယံ ပါဝင်မှာဖြစ်ကြောင်း ထရမ့်ပ်က ထရုသ်ဆိုရှယ် မီဒီယာမှာ ပို့စ်တင်ထားပါတယ်။
ဂျပန်နိုင်ငံဟာ အမေရိကန်ထုတ် မော်တော်ကားတွေ၊ ထရပ်ကားတွေ၊ ဆန်နဲ့ တခြား စိုက်ပျိုးရေး ထုတ်ကုန်တွေ အပါအဝင် တခြားကုန်ပစ္စည်းတွေအတွက် အမေရိကန်ထုတ်လုပ်သူတွေကို စျေးကွက်ဝင်ရောက်ခွင့် တိုးမြှင့်ပေးမှာဖြစ်ကြောင်းလည်း ထရမ့်ပ်က ဆိုပါတယ်။
“ဒါဟာ အမေရိကန်ပြည်ထောင်စုအတွက်၊ အထူးသဖြင့် ကျွန်ုပ်တို့ဟာ ဂျပန်နိုင်ငံနဲ့ အမြဲတမ်း ကောင်းမွန်တဲ့ ဆက်ဆံရေးကို ဆက်လက်ထားရှိနိုင်မယ်ဆိုတဲ့အချက်မှာ အလွန်ကို စိတ်လှုပ်ရှားစရာကောင်းတဲ့ အချိန် ဖြစ်တယ်။”
အင်္ဂါနေ့က အိမ်ဖြူတော်မှာ ဂျပန်နိုင်ငံရဲ့ ထိပ်တန်း အကောက်ခွန်ဆိုင်ရာ ညှိနှိုင်းရေးမှူး ရိုဆေးအိ အာကဇာဝါနဲ့ တွေ့ဆုံပြီးနောက်မှာ ထရမ့်ပ်ရဲ့ ကြေညာချက် ထွက်လာတာလို့ ဒီကိစ္စနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
သမ္မတ ဒေါ်နယ်ထရမ့်ပ်က သူ့ရဲ့ အာရှမဟာမိတ်အပေါ် ချမှတ်ထားတဲ့ မြင့်မားတဲ့အခွန်တွေကို လျှော့ချပေးခဲ့ပြီးနောက်မှာ အမေရိကန်နဲ့ လက်မှတ်ရေးထိုးခဲ့တဲ့ ကုန်သွယ်ရေးသဘောတူညီချက်ကို ဂျပန်ဝန်ကြီးချုပ် ရှီဂဲရုအီရှိဘက ဇူလိုင် ၂၃ ရက်မှာ ဝမ်းမြောက်ကြောင်း ပြောပါတယ်။
ဒီသဘောတူညီချက်ဟာ အမေရိကန်နဲ့ ကုန်သွယ်မှုအမြတ်ရှိတဲ့ နိုင်ငံတွေကြားမှာ အနည်းဆုံး အခွန်အတိုးနှုန်းအဖြစ်လည်း ဝန်ကြီးချုပ် အီရှိဘ က ချီးကျူးပြောဆိုခဲ့ပါတယ်။
ဒီသဘောတူညီချက်အရ လက်ရှိအခွန်အခ ၂၅ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းကို လျော့ချခဲ့တာကြောင့် ဂျပန်ရဲ့ အရေးကြီးတဲ့ မော်တော်ယာဉ်လုပ်ငန်းကို ချက်ချင်း သက်သာရာရစေမှာဖြစ်ပြီး ဩဂုတ် ၁ ရက် စတင်မယ့် တခြားဂျပန်ထုတ်ကုန်တွေအပေါ် အခွန်တွေကိုလည်း အလားတူ လျှော့ချမှာဖြစ်ပါတယ်။
ဂျပန်နိုင်ငံမှ အမေရိကန်ကို တင်ပို့တဲ့ စုစုပေါင်း ကုန်ပစ္စည်းတွေထဲမှာ မော်တော်ယာဉ်တွေက စုစုပေါင်း ၄ ပုံ ၁ ပုံကျော် ရှိပါတယ်။
Source:Reuters