
မူလက BRAVE Burma Act ဥပဒေမူကြမ်းထဲမှာပါဝင်တဲ့ အမေရိကန်နိုင်ငံရဲ့ မြန်မာ့အရေး အထူးသံတမန်ရွေးဖို့ကိစ္စကို ဥပဒေကြမ်းထဲကနေ Burma Caucus အဖွဲ့က ဖယ်ထုတ်လိုက်တယ်လို့ သိရပါတယ်။
BRAVE Burma Act ဥပဒေကို အဓိကဦးဆောင်ပြင်ဆင်ခဲ့တဲ့ Burma Caucus အဖွဲ့မှာ ရီပတ်ဘလစ်ကန်နဲ့ ဒီမိုကရက် ၂ ပါတီစလုံးက အမတ်တွေ ပူးပေါင်းပါဝင်ခဲ့တာပါ။
သမ္မတ ထရမ့်ပ် အစိုးရ တက်လာပြီးနောက်မှာ မြန်မာ့အရေး အထူးသံတမန်ရွေးချယ်ရေး ကိစ္စအပေါ် ဝေဖန်မှုတွေ အများအပြားရှိခဲ့ပြီးနောက် Burma Caucus အဖွဲ့ဘက်က အခုလို သတင်းစကား ထွက်ပေါ်လာတာတာလို့ မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတယောက်က ပြောပါတယ်။
လော့စ်အိန်ဂျလိစ် မြန်မာလှုပ်ရှားမှုအဖွဲ့ (LA2M) မှ ဂျိမ်းစ်ရွှေက “Envoy ကိစ္စကို BRAVE Burma Act ထဲက ထုတ်လိုက်ပြီ၊ မပါတော့ဘူးတဲ့။ ဘာဖြစ်လို့လဲဆိုရင် သူတို့က Finance ကော်မတီကိုတင်တော့ Envoy က နိုင်ငံခြားရေးနဲ့ဆိုင်တော့ ကြာနေမှာစိုးလို့ ဆိုပြီးတော့ ထုတ်လိုက်တယ် ပြောတယ်။ ထုတ်လိုက်ပြီးတော့ သူတို့ အဲဒါကို Rohingya GAP Act ကို နာမည်ပြောင်းထားတဲ့ Burma GAP Act ထဲမှာ ထည့်မယ်ဆိုပြီးတော့ ပြောတယ်။ Burma GAP Act ကလည်း မနက်ဖြန်ခါ Mark Up လုပ်မှာဆိုတော့ ကျနော်တို့က အဲဒီ Burma GAP Act ကို တင်တဲ့လူတွေကို Envoy က၊ အခုလုပ်နေတဲ့ Envoy တွေလေ၊ အာဆီယံ Envoy တွေလည်း ဒီလောက်ကြီး မထိရောက်ဘူး၊ ဂျူလီဘစ်ရှော့တို့ ဘာတို့ ဆိုရင်လည်း သိပ်မထိရောက်တဲ့အပြင် နောက်ကွယ်က သူ့ရဲ့ စီးပွားရေးဆက်သွယ်မှုတွေကို သူတို့ ရှင်းရှင်းလင်းလင်းမပြနိုင်တော့ နာမည်ပျက်တာပေါ့။ အမေရိကန်ကရွေးတဲ့ Envoy ဆိုရင် အဲဒါမျိုးမဖြစ်စေချင်တော့ ကြိုတင်ပြီးတော့ ကာကွယ်ထားရအောင် စာသားထည့်ချင်တယ်ပေ့ါ၊ အဲဒါမျိုးရေးပြီးတော့ ပေးလိုက်တယ်။ ဒီ Bill နှစ်ခုစလုံးကတော့ Pass ဖြစ်ဖို့က အလားအလာနည်းတာပေါ့၊ စောင့်ကြည့်ရတာပေါ့လေ။ ထရမ့်ပ်က ဒီအတိုင်း ခန့်လိုက်ရင်လည်း ကျနော်တို့ အနည်းဆုံး နိုင်ငံခြားရေးကို စာရေးကန့်ကွက်လို့တော့ ရတာပဲ။ နိုင်ငံတကာနဲ့ မျက်နှာပျက်မယ့်ကိစ္စကိုတော့ သူတို့လုပ်ဖို့ အလားအလာက နည်းပါတယ်။ ဒီလောက်ကြီးလည်း မြန်မာပြည်ကို သိပ်ဂရုစိုက်မယ့်ပုံတော့ ကျနော်တို့ မတွေ့ဘူးဗျ။ သူ တိုက်ရိုက်ခန့်ရင်ခန့်မယ်၊ ခန့်လို့ရှိရင်လည်း နိုင်ငံခြားရေးတို့ ကွန်ဂရက်စ်တို့ကတဆင့် ကျနော်တို့ တောင်းဆိုလို့တော့ရတာပဲ” လို့ ပြောပါတယ်။
သမ္မတထရမ့်ပ် အစိုးရ တက်လာပြီးနောက် စီးပွားရေးကို ဦးစားပေးတဲ့ မူဝါဒနဲ့ လှုပ်ရှားမှုတွေအပေါ် မူတည်ပြီး စစ်ကောင်စီက အခွင့်အရေးရရင်ရသလို ချဉ်းကပ်ဖို့ ကြိုးစားနေတယ်လို့ မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတယောက်က ပြောပါတယ်။
စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေဟာ မြန်မာနိုင်ငံရဲ့ ၂၀၁၀ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလတုန်းက အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး အမေရိကန်နိုင်ငံရေးသမားတွေ၊ စီးပွားရေးသမားတွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး တည်ဆောက်နိုင်ခဲ့သူ ဖြစ်တယ်လို့ ဆိုပါတယ်။
Save Myanmar USA မှ ဦးရင်အေးက “Special Envoy ကို ရွေးတဲ့နေရာမှာ ဘယ်သူ့ကို ရွေးမှာလဲဆိုတဲ့ အနေအထားက အရေးကြီးတယ်။ ကွန်ဂရက်စ်က ဘယ်လိုပဲလုပ်လုပ် ထရမ့်ပ်က သူတို့ လုပ်ချင်ရာလုပ်သွားလို့ရတဲ့ အနေအထားရှိတယ်။ Envoy ခန့်တဲ့ကိစ္စတွေ ဘာတွေ ဆိုရင်လည်း သူတို့အစိုးရအဖွဲ့က ဆုံးဖြတ်မှာလေ။ အဲဒီ Envoy က စစ်ကောင်စီအတွက် အောင်သွယ်ပေးမယ့်လူမျိုး ဖြစ်သွားလို့ရှိရင် ကျနော်တို့ ဒုက္ခရောက်ပြီ။ များသောအားဖြင့်က အမေရိကန်အနေနဲ့ ပေါ်လစီကို သူတို့ တိုက်ရိုက် ပြောင်းပြန်လှန်လို့မရဘူး။ သူတို့က အရေးယူ ပိတ်ဆို့မှုတွေ လုပ်ထားပြီးတော့ ချက်ချင်းပဲ စေ့စပ်ညှိနှိုင်းရေး လုပ်လို့မရဘူး။ ဒါပေမဲ့ အဲဒီကြားထဲမှာ ပေါ်လစီအပြောင်းအလဲလုပ်လို့ရဖို့အတွက် လိုအပ်တဲ့အခင်းအကျင်းတွေ၊ ဇာတ်ညွှန်းတွေ၊ လုပ်ကြံတဲ့ အခင်းအကျင်းတွေ သူတို့လုပ်တတ်တယ်၊ ဆိုတော့ အဲဒီအခင်းအကျင်းတွေ စလာနေပြီဆိုတာမျိုး ကျနော်တို့ တွေ့နေရတယ်” လို့ ပြောပါတယ်။
BRAVE Burma Act ဥပဒေမူကြမ်းကို ၂၀၂၄ ခုနှစ်မှာ Burma Caucus အဖွဲ့ရဲ့ ပူးတွဲဥက္ကဋ္ဌ ရီပတ်ဘလစ်ကန်အမတ် ဘေလ်ဟိုင်ဇင်ဂါက အမေရိကန်လွှတ်တော်မှာ ဦးဆောင် တင်သွင်းခဲ့တာပါ။
သမ္မတဂျိုးဘိုင်ဒင် လက်မှတ်ရေးထိုး အတည်ပြုခဲ့တဲ့ Burma Act ကို လုပ်ငန်းဖော်ဆောင်ရာမှာ ပိုထိရောက်ဖို့ နောက်ဆက်တွဲဥပဒေကြမ်းအဖြစ် BRAVE Burma Act ကို လွှတ်တော်အမတ်တွေက တင်သွင်းခဲ့တာ ဖြစ်ပါတယ်။
သုတချမ်းသာ