
ဗင်နီဇွဲလား၊ အမေရိကန်နဲ့ အယ်လ်ဆာလ်ဗေဒေါ ၃ နိုင်ငံ အကျဉ်းသားတွေ အပြန်အလှန် အလဲအလှယ်တာကို ဇူလိုင် ၁၈ ရက်က ပြုလုပ်ခဲ့ကြပါတယ်။
ဗင်နီဇွဲလားနိုင်ငံမှာ ပြုလုပ်တဲ့ အမေရိကန်အကျဉ်းသားတွေကို လဲလှယ်ရေးအစီအစဉ်အရ အယ်လ်ဆာလ်ဗေဒေါ အစိုးရဟာ သူ့နိုင်ငံအတွင်းမှာ ဖမ်းဆီးထိန်းသိမ်းထားခဲ့တဲ့ ဗင်နီဇွဲလား နိုင်ငံသားတွေကို ဇူလိုင် ၁၈ ရက်မှာ ပြန်ပို့ခဲ့တယ်လို့ ပြောပါတယ်။
ဗင်နီဇွဲလားနိုင်ငံမှာ ဖမ်းဆီးထိန်းသိမ်းခံထားရပြီး လွတ်မြောက်လာတဲ့ အယ်လ်ဆာလ်ဗေဒေါ နိုင်ငံသားတွေလည်း လာနေတဲ့လမ်းမှာရှိနေပြီး သူတို့ရဲ့အိမ်အပြန်ခရီးကို ဆက်သွားကြမှာဖြစ်ကြောင်း အယ်လ်ဆာလ်ဗေဒို သမ္မတ နာယစ်ဘ် ဘူကီလီက လူမှုကွန်ရက် X မှာ ပို့စ်တင်ထားပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုကလည်း ဗင်နီဇွဲလားမှာ အဖမ်းခံထားရတဲ့ အမေရိကန် ၁၀ ယောက် ပြန်လွတ်လာပြီဖြစ်ကြောင်း အတည်ပြုခဲ့ပြီး ဒီသဘောတူညီချက် ရရှိအောင် ကူညီပေးခဲ့တဲ့ အယ်လ်ဆာလ်ဗေဒေါ သမ္မတ ဘူကီလီကို ကျေးဇူးတင်ကြောင်းလည်း ဖော်ပြခဲ့ပါတယ်။
ဗင်နီဇွဲလားအစိုးရကလည်း "ချွေးတပ်စခန်း" လို့ ခေါ်ကြတဲ့ အယ်လ်ဆာဗေးဒေါ အကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရတဲ့ ဗင်နီဇွဲလားနိုင်ငံသား ၂၅၂ ဦး ပြန်လွတ်မြောက်လာပြီဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ ထရန်းဒီ အာရဂွါ ရာဇဝတ်ဂိုဏ်းအဖွဲ့ဝင်တွေကို အမြန် ပြည်နှင်ဒဏ်ပေးဖို့ ၁၇၉၈ ခုနှစ် ပြည်ပရန်သူများ အက်ဥပဒေကို အတည်ပြုပြီးနောက်မှာ ပုံမှန် လူဝင်မှုကြီးကြပ်ရေး လုပ်ထုံးလုပ်နည်းတွေအတိုင်း မဖြတ်သန်းဘဲ မတ်လတုန်းက ဗင်နီဇွဲလားနိုင်ငံသားတွေကို အယ်လ်ဆာဗေဒို ကို ပို့ဆောင်ခဲ့တာပါ။
ဗင်နီဇွဲလားနိုင်ငံသား အများအပြားရဲ့ မိသားစုဝင်တွေနဲ့ သူတို့ရဲ့ရှေ့နေတွေက ပြည်နှင်ဒဏ် ပေးခံရတဲ့ သူတို့နိုင်ငံသားတွေဟာ ရာဇဝတ်ဂိုဏ်းနဲ့ အဆက်အဆံ မရှိကြောင်း ငြင်းဆိုကြပြီး သူတို့အနေနဲ့ ထရမ့်ပ် အစိုးရရဲ့ စွပ်စွဲချက်တွေကို ခုခံချေပဖို့ တရားရုံးမှာ အခွင့်အရေး မပေးခဲ့ပါဘူးလို့ ပြောကြပါတယ်။
ဗင်နီဇွဲလားအစိုးရဟာ သူ့နိုင်ငံသားတွေကို ဖမ်းဆီးခြင်းအပေါ် လူ့အခွင့်အရေးနဲ့ နိုင်ငံတကာဥပဒေကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ရှုတ်ချနေပါတယ်။ ဒါပေမဲ့ ဗင်နီဇွဲလားမှာလည်း အစိုးရဟာ တက်ကြွလှုပ်ရှားသူတွေ၊ ရှေ့နေတွေ၊ နိုင်ငံရေးပြိုင်ဘက်တွေကို ဒီလိုပဲ ဖမ်းဆီးထိန်းသိမ်းထားတတ်တယ်လို့ အစိုးရကို ဝေဖန်သူတွေက ပြောကြပါတယ်။
Source: Reuters