Home
နိုင်ငံတကာ
Air India လေယာဥ်ဆီခလုတ်ကို လေယာဉ်မှူးပိတ်ချခြင်းဖြစ်နိုင်ဟု အမေရိကန် သုံးသပ်
DVB
·
July 18, 2025
Photo :Reuters

ပျက်ကျခဲ့တဲ့ Air India လေကြောင်းလိုင်းပိုင် ဘိုးအင်း 787 လေယာဉ်ရဲ့ ဆီခလုတ်တွေကို လေယာဉ်မှူးက ပိတ်ချပစ်ခဲ့တာ ဖြစ်နိုင်တယ်လို့ အမေရိကန်တာဝန်ရှိသူတွေက ကနဦး ကောက်ချက်ချထားကြောင်း ရိုက်တာသတင်းက ဖော်ပြပါတယ်။

ဒီသတင်းကို Wall Street Journal က ပထမဆုံး ဖော်ပြခဲ့တာဖြစ်ပြီး ရိုက်တာကလည်း သတင်းရင်းမြစ်တယောက်ကို သီးခြားမေးမြန်းပြီး ဖော်ပြခဲ့တာဖြစ်ပါတယ်။

“အချို့သော နိုင်ငံတကာမီဒီယာတွေဟာ လိုသလိုကောက်နုတ်ပြီး စိစစ်မှုမရှိတဲ့ တင်ဆက်မှုတွေက တဆင့် ကောက်ချက်ချနိုင်ဖို့ ထပ်တလဲလဲ ကြိုးပမ်းနေကြတယ်” လို့ အိန္ဒိယ လေကြောင်း မတော်တဆမှု စုံစမ်းစစ်ဆေးရေးဗျူရို (AAIB) က ဝေဖန်လိုက်ပါတယ်။

စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ဆဲဖြစ်ပြီးတော့ အခိုင်အမာကောက်ချက်ချဖို့ စောနေသေးတယ်လို့ပါ ဖော်ပြပါတယ်။

အိန္ဒိယ လေယာဉ်မှူးများ အဖွဲ့ချုပ်ကလည်း ဒီသတင်းတွေကို ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပါတယ်။

AAIB ရဲ့ ကနဦးအစီရင်ခံစာမှာ “ဆီခလုတ် ဘာလို့ပိတ်လိုက်တာလဲ” လို့ လေယာဉ်မှူးတယောက်က မေးမြန်းပြီး နောက်တယောက်က “သူမပိတ်ပါဘူး” လို့ တုံ့ပြန်ကြောင်း ပါရှိပါတယ်။

ဒါပေမဲ့ ဘယ်သူကမေးပြီး ဘယ်သူကဖြေတယ်လို့ မဖော်ပြထားပါဘူး။ ဒါပေမဲ့ လေယာဉ် ပျံတက်ချိန်မှာ တွဲဖက်လေယာဉ်မှူးက လေယာဉ်ကို ထိန်းချုပ်သူဖြစ်သလို “ဆီခလုတ်တွေကို ဘာလို့ ပိတ်လိုက်တာလဲ” လို့ မေးမြန်းသူလည်း ဖြစ်တယ်လို့ အမေရိကန်ဘက်က နားလည်ထားပါတယ်။

ဦးခန်းအသံဖမ်းစက် (CVR) မှာ အသံပဲဖမ်းထားနိုင်ပြီး ဗီဒီယိုမှတ်တမ်း မရှိတဲ့အတွက် လေယာဉ်မှူးက ခလုတ်တွေပိတ်လိုက်တယ်လို့ အတိအကျ မပြောနိုင်ပေမဲ့ စကားအသွားအလာအရ   “မပိတ်ပါဘူး” လို့ ငြင်းတဲ့ လေယာဉ်မှူးကပဲ ပိတ်ချခဲ့တာလို့ အမေရိကန်တာဝန်ရှိသူတွေက ကနဦး ကောက်ချက်ချထားတယ်လို့ ဆိုပါတယ်။

လေယာဉ်မှူး(ကက်ပတိန်) ဆူမိ ဆာ့ဘာဝယ်ဟာ ပျံသန်းမှုအတွေ့အကြုံ ၁၅,၆၃၈ နာရီရှိပြီး  တွဲဖက်လေယာဉ်မှူး (ပထမအရာရှိ) ကလစ်ဗ် ကုန္ဒာဟာ  ၃,၄၀၃ နာရီ ရှိပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013