
မာတင်လူသာကင်း ဂျူနီယာ လုပ်ကြံခံရမှုနဲ့ ပတ်သက်တဲ့ စာမျက်နှာ ၂၄၀,၀၀၀ ကျော်ပါ မှတ်တမ်းတွေကို အမေရိကန် တရားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
အဲဒီထဲမှာ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်၊ လူ့အခွင့်အရေးလှုပ်ရှားသူ ကင်းရဲ့ ဂုဏ်သိက္ခာ ကျဆင်းအောင်လုပ်ဖို့ ကြိုးပမ်းတဲ့အနေနဲ့ စောင့်ကြည့်ထောက်လှမ်းခဲ့တဲ့ FBI ရဲ့ မှတ်တမ်းတွေလည်း ပါဝင်နေပါတယ်။
ကင်းဟာ အာဖရိကန် အမေရိကန်တွေရဲ့ တန်းတူအခွင့်အရေးအတွက် အကြမ်းမဖက်လှုပ်ရှားမှုတွေ လုပ်ဆောင်ခဲ့သလို နောက်ပိုင်းမှာ စီးပွားရေးပြဿနာတွေနဲ့ ငြိမ်းချမ်းရေးတောင်းဆိုမှုတွေအပေါ် အာရုံစိုက်လာချိန်မှာ လုပ်ကြံခံခဲ့ရတာ ဖြစ်ပါတယ်။
၁၉၆၈ ခုနှစ်၊ ဧပြီ ၄ ရက်က တင်နက်ဆီပြည်နယ်၊ မန်းဖစ်မြို့မှာ လုပ်ကြံခံခဲ့ရပြီး လုပ်ကြံမှုအတွက် ဂျိမ်းစ် အားလ်ရေး ဆိုသူမှာ အပြစ်ရှိတယ်လို့ ဆုံးဖြတ်ပြီး ထောင် ၉၉ နှစ် ချမှတ်ခဲ့ပါတယ်။ အားလ်ရေးလည်း ၁၉၉၈ ခုနှစ်မှာ ထောင်ထဲမှာပဲ သေဆုံးခဲ့ပါတယ်။
တကယ်တမ်းမှာ အားလ်ရေးဟာ ထိုးကြွေးခံရသူဖြစ်ပြီး အမေရိကန်အစိုးရ အေဂျင်စီတွေက ကင်းကို ရှင်းလင်းဖို့ လျှို့ဝှက်ပူးပေါင်းကြံစည်ခဲ့ကြတယ်ဆိုတဲ့ အယူအဆလည်း ရှိနေပါတယ်။
ဒီလုပ်ကြံမှုကြီးဟာ အမေရိကန်ပြည်ထောင်စုကို လှုပ်ခါသွားစေခဲ့ပြီး အဲဒီနှစ်ထဲမှာပဲ လူမျိုးရေး အဓိကရုဏ်းတွေ၊ ဗီယက်နမ်စစ်ပွဲ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့သလို သမ္မတလောင်း ရောဘတ် အက်ဖ် ကနေဒီလည်း အစ်ကိုဖြစ်သူလိုပဲ လုပ်ကြံခံခဲ့ရပါတယ်။
FBI ဟာ ၁၉၅၀ နဲ့ ၁၉၆၀ ပြည့်နှစ်တွေတုန်းက ကင်းနဲ့ပတ်သက်သမျှ မှတ်တမ်းတင်ခဲ့ပြီး ဖုန်းခေါ်ဆိုမှုတွေကိုပါ ကြားဖြတ်နားထောင်ခဲ့ပါတယ်။
အမေရိကန်နဲ့ ဆိုဗီယက်ပြည်ထောင်စုကြား စစ်အေးတိုက်ပွဲကာလမှာ ကင်းဟာ ကွန်မြူနစ်တွေနဲ့ ပတ်သက်နေတယ်လို့ FBI က မှားယွင်းစွပ်စွဲပြီး လှုပ်ရှားမှုတွေကို မှတ်တမ်းတင်ခဲ့တာ ဖြစ်ပါတယ်။
နောက်ပိုင်းမှာတော့ ဒီလုပ်ရပ်ဟာ FBI သမိုင်းမှာ အလွဲလုပ်မှုနဲ့ လွန်ကျူးမှု ဥပမာဖြစ်တယ် ဆိုတာကို ဝန်ခံခဲ့ပါတယ်။
ကင်းရဲ့ မိသားစုဝင်တွေကတော့ အခုထုတ်ပြန်မှုကို ကန့်ကွက်ခဲ့ပြီး ဖခင်ရဲ့ အမွေအနှစ်ကို ထိခိုက်စေဖို့ ရည်ရွယ်ပြီး ဒီမှတ်တမ်းတွေကို အလွဲသုံးစားလုပ်ဖို့ ကြိုးစားမှုမှန်သမျှကို ရှုတ်ချတယ်လို့ ထုတ်ပြန်ထားပါတယ်။
Source: Reuters