
မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ BRAVE Burma Act ၊ Burma GAP Act နဲ့ No New Burma Funds Act ဥပဒေကြမ်း ၃ ခုကို အမေရိကန် ကွန်ဂရက်လွှတ်တော်ကော်မတီတွေက ဒေသစံတော်ချိန် ဇူလိုင် ၂၂ ရက်မှာ အတည်ပြုလိုက်ပြီး အောက်လွှတ်တော်ကို တင်သွင်းဖို့ ပြင်ဆင်နေပါတယ်။
BRAVE Burma Act ကို ငွေကြေးဆိုင်ရာကော်မတီက အတည်ပြုခဲ့တာဖြစ်ပြီး မူလက နောက်ထပ် ရည်ညွှန်းထားတဲ့ နိုင်ငံခြားရေးကော်မတီ၊ တရားရေးရာကော်မတီတို့ရဲ့အတည်ပြုချက်ရယူပြီးရင် လွှတ်တော်နှစ်ရပ်မှာ မဲခွဲဆုံးဖြတ်ပြီး ဥပဒေအဖြစ် အသက်ဝင်လာမှာဖြစ်ပါတယ်။
Burma GAP Act ကတော့ မူလကတည်းက နိုင်ငံခြားကော်မတီ တခုတည်းကိုရည်ညွှန်းထားပြီး ကော်မတီက အတည်ပြုလိုက်တာကြောင့် လွှတ်တော် နှစ်ရပ်မှာ မဲခွဲဆုံးဖြတ်ပြီးရင် ဥပဒေအဖြစ် အသက်ဝင်လာမှာ ဖြစ်ပါတယ်။ ၏
No New Burma Funds Act ဟာလည်း မူလကတည်းက ငွေကြေးဆိုင်ရာကော်မတီတခုတည်းကို ရည်ညွှန်းထားပြီး ကော်မတီက အတည်ပြုလိုက်တာကြောင့် လွှတ်တော်နှစ်ရပ်မှာ မဲခွဲဆုံးဖြတ်တဲ့အဆင့်သာ ကျန်တော့တာ ဖြစ်ပါတယ်။
လုပ်ထုံးလုပ်နည်းတွေအရ ဒီဥပဒေကြမ်းတွေကို အမေရိကန် အောက်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ပြီးရင် ဆီးနိတ်(အထက်လွှတ်တော်)မှာ ဥပဒေအဖြစ် အတည်ပြုဖို့ ဆက်လက်တင်သွင်းရမှာ ဖြစ်ပါတယ်။
လော့စ်အိန်ဂျလိစ် မြန်မာလှုပ်ရှားမှုအဖွဲ့ (LA2M)မှ ဂျိမ်းစ်ရွှေက "အခုမှ ကော်မတီတွေက အောက်လွှတ်တော်မှာ ဆက်သုံးသပ် မဲခွဲဖို့ အတည်ပြုတာဆိုတော့ အထက်လွှတ်တော် အတည်ပြုတာပါဆိုရင် နောက်ထပ် တနှစ်နီးပါး ကြာနိုင်တယ်။ လတ်တလော အကျိုးကတော့ မြန်မာတွေအတွက် စိတ်အားတက်စေမှုပါ။ အမေရိကန်လွှတ်တော်အမတ်တွေက မြန်မာ့အရေးကို မမေ့သေးဘဲ မြန်မာပြည်ကို ကူညီလိုစိတ် ရှိသေးတယ်ဆိုတာက အားတက်စရာရှိတယ်လို့ ယူဆပါတယ်။ အခုလို ကူညီတဲ့အတွက် မဟုတ်မမှန် ရွေးကောက်ပွဲအချိန် မရောက်သေးခင် ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ကြိုးစားတာကို ကန့်ကွက်ရင် ထောက်ခံမှု ရနိုင်မယ်ဆိုတာ သေချာသလောက်ရှိတာပေါ့။ ငွေကတော့ ဒီက program တွေတောင် ဘီလီယံချီ ဖြတ်နေတော့ သိပ်မမျှော်လင့်နိုင်ဘူးပေါ့။ ဒါပေမဲ့ နိုင်ငံရေး စီးပွားပိတ်ဆို့ရေး၊ လက်နက်-လောင်စာ-လေယာဉ်ဆီ ပိတ်ဆို့ရေးတို့မှာ အကူအညီရရင်လည်း ဘာမှမကူတာထက်တော့ ကောင်းတယ်လို့ ယူရမှာပေါ့။ ဒီ ဥပဒေတွေ အတည်မပြုဖြစ်ရင်တောင် မြန်မာ့အကြောင်း အများပိုသိသွားတာက အမြတ်ပေါ့”လို့ ပြောပါတယ်။
BRAVE Burma Act ဥပဒေကြမ်းဟာ ၂၀၂၄ ခုနှစ်မှာ သမ္မတဂျိုးဘိုင်ဒင် လက်မှတ်ရေးထိုးအတည်ပြုခဲ့တဲ့ Burma Act ရဲ့လုပ်ငန်းတွေ အလျင်အမြန် ဆောင်ရွက်နိုင်အောင် ပြင်ဆင်ထားတဲ့ဥပဒေကြမ်းဖြစ်ပါတယ်။
BRAVE Burma Act ဥပဒေကြမ်းမှာ စစ်ကောင်စီနဲ့ ဆက်စပ်နေတဲ့ နိုင်ငံပိုင်လုပ်ငန်းတွေ၊ မြန်မာ့စီးပွားရေးဘဏ်နဲ့ လေယာဉ်ဆီ ထောက်ပံ့တဲ့ နိုင်ငံခြားကုမ္ပဏီတွေကို ပိတ်ဆို့မှု တိုးမြှင့်ရေး၊ စစ်ကောင်စီ အာဏာသိမ်းကာလ တလျှောက်လုံးမှာ အပြည်ပြည်ဆိုင်ရာ ရန်ပုံငွေအဖွဲ့ (IMF) နဲ့ဆက်စပ်မှုကို တားဆီးရေး၊ စစ်ကောင်စီကို စီးပွားရေးအရ ပံ့ပိုးသူတွေကို အမေရိကန်ကဖိ အားပေးမှုမြှင့်တင်ရေး စတဲ့အချက်တွေ ပါဝင်ပါတယ်။
Burma GAP Act ဥပဒေကြမ်းကတော့ မူလက Rohingya GAP Act နာမည်နဲ့ လွှတ်တော်ကော်မတီမှာ တင်သွင်းခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ နာမည်ပြန်ပြောင်းလိုက်တာပါ။ Burma GAP Act ဥပဒေကြမ်းမှာ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ နိုင်ငံတွင်း နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်သူ ဒုက္ခသည်တွေအတွက် လူသားစာနာ အကူအညီပေးဖို့၊ လူမျိုးတုံး သတ်ဖြတ်မှုနဲ့ ရာဇဝတ်မှုတွေအတွက် တရားမျှတမှုနဲ့ တာဝန်ယူမှု တာဝန်ခံမှု ရှိစေရေးဆောင်ရွက်ဖို့၊ ရိုဟင်ဂျာ အပါအဝင် တိုင်းရင်းသားလူမျိုးစု အားလုံးပါဝင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ပံ့ပိုးဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။
No New Burma Funds Act ဥပဒေကြမ်းကတော့ အတိုဆုံးနဲ့ အရှင်းဆုံးဥပဒေကြမ်း ဖြစ်ပြီး လတ်တလော အခြေအနေတွေအရ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို အရှိန်တန့်စေဖို့ အလားအလာအကောင်းဆုံး ဥပဒေကြမ်း ဖြစ်တယ်လို့ လေ့လာသူတွေက မှတ်ချက်ပေးပါတယ်။
ဒီဥပဒေကြမ်းမှာ စစ်ကောင်စီအုပ်ချုပ်ရေးယန္တရားကို ကမ္ဘာ့ဘဏ်က ငွေကြေးထောက်ပံ့မှုအသစ် ပိတ်ပင်ဖို့၊ နိုင်ငံတကာ ငွေကြေးဆိုင်ရာအဖွဲ့အစည်းတွေက စစ်ကောင်စီကို ငွေလွှဲပေးပို့မှုရုပ်သိမ်းဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။