ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ ထာ့ဆောင်ယမ်းကျေးရွာဘက်ကို မြန်မာနိုင်ငံဘက်က ပစ်ခတ်လိုက်တဲ့ မပေါက်ကွဲသေးသော ကာမီကာဇေ ဒရုန်းတစင်း ဇူလိုင် ၂၂ ရက်က ကျရောက်ခဲ့တယ်လို့ ထိုင်းအာဏာပိုင်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ထိုင်းရဲတပ်ဖွဲ့နဲ့ နီးစပ်သူက “ညကတည်းက ကျရောက်နေတာလားတော့ မသိဘူး။ ဒီကနေ့ မနက်မှ ဒေသခံတွေပြောလို့ သိရတာ။ ကာမီကာဇေ ဒရုန်းအမျိုးအစား ပြုတ်ကျတဲ့နေရာကို ထိုင်းအာဏာပိုင်တွေ သွားရောက်စစ်ဆေးမှုတွေ ပြုလုပ်နေတယ်” လို့ ပြောပါတယ်။
ဒရုန်းကြောင့် ထိခိုက်မှု တစုံတရာ မရခဲ့ဘဲ ဘယ်လက်နက်ကိုင် အဖွဲ့အစည်းက ပစ်လွှတ်တယ် ဆိုတာကိုတော့ အတည်ပြုလို့ မရသေးဘူး၊ ဆက်လက်စုံစမ်းမှုတွေကိုတော့ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
ကရင်ပြည်နယ်၊ မြဝတီမြို့ နယ်စပ်နဲ့ ထိုင်းနိုင်ငံ နယ်စပ်ဒေသတလျှောက်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ထိုင်းနယ်စပ်တလျှောက်မှာ ထိုင်အာဏာပိုင်တွေဘက်က ထိုင်းစစ်သားတွေ လုံခြုံရေး တိုးမြှင့်ချထားပြီး ထိုင်းအာဏာပိုင်တွေက စောင့်ကြည့်နေတယ်လို့ ထိုင်းအာဏာပိုင်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။