
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးခံလိုက်ရတဲ့သူတွေ မိသားစုနဲ့အဆက်အသွယ်မရသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။
ဇူလိုင် ၂၄ ရက်နေ့က ညောင်ပင်ကြီး ဇက်ဆိပ်မှာ အလုပ်သွား အလုပ်ပြန် ဒေသခံတွေကို စစ်ကောင်စီက ပေါ်တာဆွဲ ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။
ပေါ်တာဆွဲဖမ်းဆီးခံခဲ့ရတဲ့ မိသားစုဝင်တယောက်က “စုစုပေါင်း ပေါ်တာဆွဲ ဖမ်းဆီးခံရတဲ့ရွာက တောင်ပုလူ ၁ ယောက်၊ ကျော်ရွာ ၂ ယောက်၊ သာယာကုန်း ၁ ယောက်၊ ရုံးပင်ရိုး ၁ ယောက်၊ ထန်းတောကြီး ၁ယောက်၊ အဆွဲခံရပြီး ကျော်ရွာက ၁ ယောက်ပြန်လွတ်လာပြီး ကျန်တဲ့ ၅ ယောက်ကတော့ မိသားစုဝင်တွေနဲ့ အဆက်သွယ်မရဘူး” လို့ ပြောပါတယ်။
ပေါ်တာဆွဲ ဖမ်းဆီးခံရသူ ၆ ယောက်ထဲက တယောက်ရဲ့အမျိုးသမီးဟာ မွေးဖွားခါနီး ကိုယ်ဝန်ဆောင်ဖြစ်ပြီး တခြားသူတွေဟာလည်း မိသားစု စားဝတ်နေရေးအတွက် ရုန်းကန်နေကြရတဲ့ အလုပ်သမားတွေလို့ ဆိုပါတယ်။
ပြန်လွတ်လာသူနဲ့ နီးစပ်သူတယောက်က “သူက တောင်းပန်ပြီး သူ့မိန်းမ နေ့စေ့လစေ့ကြီးမို့ သူ့ကို ခေတ္တပြန်လွှတ်ပေးဖို့ တောင်းပန်လို့ ပြန်လွှတ်ပေးလိုက်တာ။ တခြား အမျိုးသားတယောက်လည်း သူ့အမျိုးသမီး ကိုယ်ဝန်နဲ့ဆိုတာကို မပြောပြတော့ ဖမ်းခေါ်သွားတာ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်တွေက ညောင်ပင်ကြီးရဲစခန်းမှာ အထိုင်ချတပ်စွဲထားပြီး ကျေးရွာတွေကို စစ်ကြောင်းထိုး ကင်းလှည့်တာတွေ မကြာခဏလုပ်သလို ညောင်ပင်ကြီးဇက်ဆိပ်၊ ထန်းတောကြီး စက်လှေဆိပ်တို့ကနေ မုံရွာမြို့ကို အလုပ်သွားလုပ်နေကြရတဲ့ ဒေသခံတွေကို မကြာခဏ ဖမ်းဆီးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။