
မကွေးတိုင်း၊ ပေါက်မြို့နယ်ထဲက ဆေးခန်းတခုကို စစ်ကောင်စီတပ်က ဇူလိုင် ၂၆ ရက် ညနေ ၄ နာရီဝန်းကျင်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူတယောက် သေဆုံး၊ ၉ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အညာမြေအရပ်ဘက်လူမှုအဖွဲ့အစည်း (မြိုင်) ရဲ့ ပြန်ကြားရေးတာဝန်ခံက “ပေါက်နယ်ထဲက စံဖဲရွာမှာရှိတဲ့ဆေးခန်းကို ဂျက်ဖိုက်တာနဲ့ ၂ ကြိမ်ကို ဗုံး ၂ လုံးကြဲသွားတာပါ။ ဆေးခန်းနားမှာ ရှိနေကြတဲ့ အိမ်တွေထဲက ရွာခံ အသက် ၄၀ ဝန်းကျင် အမျိုးသား ၁ ယောက် သေဆုံးသွားပါတယ်။ ဒဏ်ရာရသူက ၉ ယောက်လောက်ရှိတယ်။ အဲဒီထဲမှာ စိုးရိမ်ရတဲ့သူက ၄ ယောက်လောက် ရှိပါတယ်” လို့ ပြောပါတယ်။
ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် စံဖဲကျေးရွာဆေးခန်းအပြင် လူနေအိမ်တချို့လည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ပေါက်မြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ခံ ကိုစစ်မုန်း က “တိုက်ပွဲဖြစ်တာမရှိဘဲနဲ့ မကွေးလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာက ဗုံးလာကြဲသွားတာပါ” လို့ DVB ကို ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်အစပ်ကကျေးရွာတွေကို လေကြောင်းကနေ မကြာခဏ တိုက်ခိုက်နေတဲ့အတွက် ဒေသခံပြည်သူတွေ နေရပ်စွန့်ခွာထွက်ပြေးနေကြရတယ်လို့ အညာမြေအရပ်ဘက်လူမှုအဖွဲ့အစည်း (မြိုင်) ဆီကနေ သိရပါတယ်။