Home
မြန်မာသတင်း
ကျောက်မဲ နောင်ပိန်ရွာကို စစ်တပ်က လက်နက်ကြီးပစ်ခတ်၊ အရပ်သား ၁ ဦးသေပြီး ၄ ဦးဒဏ်ရာရ
DVB
·
July 28, 2025

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ နောင်ပိန်ကျေးရွာထဲကို စစ်ကောင်စီတပ်က ဇူလိုင် ၂၆ ရက် နေ့လယ်ပိုင်းက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် လူနေအိမ်တွေ ထိခိုက်ပျက်စီးပြီး အရပ်သား တယောက် သေဆုံးကာ ၄ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတယောက်က “နောင်ချိုဘက်ကနေ စစ်တပ်က ပစ်လာတာ အားလုံး ၈ လုံးလောက်ရှိတယ်။ ရွာထဲကို ကျလို့ အိမ်တွေထိလို့ ပျက်တယ်၊ ပြီးတော့ အရပ်သားတယောက် သေတယ်။ ၄ ယောက် ဒဏ်ရာရတယ်။ ရွာနားမှာ တိုက်ပွဲဖြစ်တာလည်း မရှိဘဲ ပစ်လာတာ” လို့ ပြောပါတယ်။

နောင်ပိန်ကျေးရွာဟာ မန္တလေး-လားရှိုး ပြည်ထောင်စုလမ်းမကြီးနဲ့ မလှမ်းမကမ်းမှာ တည်ရှိပြီး လက်ရှိ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့နဲ့ စစ်ကောင်စီတပ်က ဇူလိုင် ၁၆ ရက်က ပြန်လည်သိမ်းပိုက်ထားတဲ့ နောင်ချိုမြို့ကြားမှာ တည်ရှိပါတယ်။

နောင်ပိန်ကျေးရွာအုပ်စုအတွင်းမှာ နေထိုင်တဲ့ လူဦးရေဟာ ၄,၂၀၀ ကျော်ရှိပါတယ်။ ဒါ့အပြင် နောင်ပိန်ကျေးရွာအုပ်စုကို နောင်ချိုမြို့ကနေ စစ်ဘေးရှောင်လာတဲ့ အရပ်သားပြည်သူ ဦးရေမှာလည်း ထောင်နဲ့ချီ ရှိနေပါတယ်။

အခုလို စစ်ကောင်စီတပ်က နောင်ပိန်ကျေးရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်တာဟာ သူ အခြေပြုထားတဲ့ နောင်ချိုမြို့ကနေ TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ဘက်ကို ထိုးစစ်ဆင်ဖို့ ပြင်ဆင်လာတာ ဖြစ်နိုင်တယ်လို့ နယ်မြေခံတွေက ပြောပါတယ်။

ဒေသခံတယောက်က “စစ်တပ်က နောင်ချိုကို သိမ်းပြီးတော့ လူအင်အား၊ လက်နက်ခဲယမ်း အင်အားဖြည့်နေတာ တွေ့ရတယ်။ သူတို့က နောင်ချို ရသွားပြီဆိုတော့ ကျောက်မဲဘက်ကို ထိုးစစ်ဆင်ဖို့ ဖြစ်လာမှာပဲ။ အခု နောင်ပိန်ကို လက်နက်ကြီးနဲ့ထုတာက ပစ်ရှင်း ရှင်းတာ ဖြစ်နိုင်တယ်” လို့ ပြောပါတယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်မှာ ဖော်ဆောင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း PSLF/TNLA တအာင်းတပ် ဦးဆောင်တဲ့ နွေဦးတော်လှန်ရေးအင်အားစုတွေဟာ မြို့ပေါင်း ၁၂ မြို့ကို ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

အဲဒီမြို့တွေထဲက ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ကို ဇူလိုင် ၁၆ ရက်မှာ စစ်ကောင်စီက ပြန်လည်ထိန်းချုပ်ခဲ့ပါတယ်။ ဒါ့အပြင် မန္တလေး-လားရှိုး ပြည်ထောင်စုလမ်းပိုင်းမှာရှိတဲ့ ကျောက်မဲမြို့ကို ဆက်လက်ထိုးစစ်ဆင် သိမ်းပိုက်နိုင်ဖို့ အင်အားစုဖွဲ့နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013