
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ဇရပ်ဆိပ်ကျေးရွာရှိ နေအိမ် တအိမ်ကို ဇူလိုင် ၂၅ ရက် ညပိုင်းက စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးသီးချနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ရွာသား တယောက် သေဆုံးပြီး ၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ မြိတ်ခရိုင်တပ်ရင်းက ထုတ်ပြန်ပါတယ်။
ဒဏ်ရာရသူတွေကို ဒေသခံတွေက ကူညီကယ်ဆယ်ရေးလုပ်နေချိန်မှာပဲ စစ်ကောင်စီတပ်က ပါဒစက်တော်ရာတောင်ကနေ လက်နက်ကြီးနဲ့ ထပ်မံပစ်ခတ်ခဲ့တာကြောင့် ပြည်သူ ၉ ယောက် ထပ်မံသေဆုံးခဲ့ပြီး ၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ မြိတ်ခရိုင်တပ်ရင်း ၁ က ဇူလိုင် ၂၆ မှာ ထုတ်ပြန်ပါတယ်။
သေဆုံးသွားသူတွေဟာ တိုက်ပွဲတွေကြောင့် ခရီးမဆက်နိုင်လို့ နီးစပ်ရာကျေးရွာမှာ တည်းခိုနေတဲ့ အပြစ်မဲ့အရပ်သားတွေ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပုလောမြို့နယ်မှာ တိုက်ပွဲတွေဆက်လက် ပြင်းထန်လာနိုင်တဲ့အတွက် ပြည်သူတွေအနေနဲ့ ဗုံးခိုကျင်းတွေ စနစ်တကျ တူးဖော်ထားဖို့နဲ့ ဘေးလွတ်ရာကို အမြန်ဆုံးထွက်ခွာဖို့ မြိတ်ခရိုင်တပ်ရင်း (၁) က သတိပေးထားပါတယ်။