
KNU ထိန်းချုပ်နယ်မြေ သထုံ(ဒူးသထူ) ခရိုင်အတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းပစ်ခတ်မှုတွေကြောင့် အသက် ၁၅ နှစ်အရွယ် ကလေးငယ် ၂ ယောက် သေဆုံးခဲ့ပြီး နေအိမ် ၅ လုံး ပျက်စီးခဲ့သလို အရပ်သားလုပ်ငန်းခွင်အတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ KNU က ဇူလိုင် ၂၇ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဇူလိုင် ၁၇ ရက်နေ့က စစ်ကောင်စီရဲ့ အမှတ် ၃၁၀ အမြောက်တပ်က ၁၂၀ မမ လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့တာကြောင့် ကျိုက်ထိုမြို့နယ် သုံးခွရွာနေ ၁၅ နှစ်အရွယ် ကလေးငယ် သေဆုံးခဲ့ရတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒါ့အပြင် ဇူလိုင် ၂၃ ရက်နေ့ကလည်း ရန်ကုန် - မော်လမြိုင် လမ်းမ လမ်းလုံခြုံရေး လှုပ်ရှားတပ်ဖွဲ့က ၆၀ မမ လက်နက်ကြီး ပစ်ခတ်တဲ့အတွက် လက်နက်ကြီးကျည်စထိမှန်ပြီး ကျိုက်ထိုမြို့နယ် အလူးလေးအရှေ့ရွာနေ ၁၅ နှစ်အရွယ် ကလေးငယ်တယောက် ထပ်မံ သေဆုံးခဲ့ရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဆိုပါတယ်။
ဇူလိုင် ၂၁ ရက်ကလည်း ကျိုက်ထိုမြို့နယ်၊ ဝင်းကလောကျေးရွာအုပ်စု၊ ဆောင်နိုင်ကြီးရွာဟောင်းကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံး ၁ လုံး ကြဲချခဲ့တဲ့အတွက် နေအိမ် ၂ လုံး ထိမှန်ပျက်စီးခဲ့သလို ဇူလိုင် ၂၃ က လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဘီးလင်းမြို့နယ် အလူးလေး အရှေ့ရွာလေးက နေအိမ် ၃ လုံး ထိမှန်ပျက်စီးခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။