
ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ ကွင်းကောက်ဒေသက ကျေးရွာတချို့ဆီကို စားသောက်ကုန်နဲ့ ဆေးဝါးတွေ မသယ်ဖို့ စစ်ကောင်စီက တားမြစ်ပိတ်ပင်လိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ထုံးပေါ်နဲ့ ကျီးပင်ရွာတို့ဆီကိုမသယ်ဖို့ ဇူလိုင် ၂၅ ရက်နေ့က စတင်တားမြစ်တာဖြစ်ပြီး တချို့ကျေးရွာတွေကိုတော့ ရွာအုပ်ချုပ်ရေးမှူးရဲ့ထောက်ခံစာနဲ့ သယ်လို့ရတယ်လို့ ဆိုပါတယ်။
ဒေသခံတယောက်က “စားသောက်ကုန် ဆေးဝါးသယ်ယူခွင့်တွေကို စစ်ကောင်စီ အဓိက လိုက်ပိတ်နေတယ်။ တချို့နေရာတွေ အုပ်ချုပ်ရေးမှူးထောက်ခံချက်နဲ့ သယ်လို့ရတယ်။ ထောက်ခံချက်က ပိုက်ဆံတသောင်းလောက် ပေးရတာ” လို့ ပြောပါတယ်။
ထုံးပေါ်ကျေးရွာနဲ့ ကျီးပင်ကျေးရွာတို့ဟာ ပုသိမ်-မုံရွာ လမ်းနဲ့ ၃ မိုင်ကျော်လောက်မှာ ရှိပြီး ရိုးမတောင်ခြေကျေးရွာတွေ ဖြစ်ပါတယ်။
အင်္ဂပူမြို့နယ်ထဲက ပိန္နဲကွင်းရွာ၊ တောင်စင်းရွာ၊ ပဒတ်ကုန်းရွာ၊ ဂွက်ကြီးကျေးရွာတို့မှာတော့ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေကို ၅ ရက်စာ သယ်ယူခွင့်ပေးတယ်လို့ သိရပါတယ်။
ဒေသခံတယောက်က “ဟင်္သာတဆို မြို့ထွက်ဂိတ်တွေထားပြီး စစ်ဆေးတာတွေ လုပ်တယ်။ တချို့ဒေသတွေဆို ဆန်တအိတ်ပဲ သယ်ခွင့်ရတာ။ စိတ်မထင်ရင် ဖမ်းတာလုပ်တယ်။ အခု အင်္ဂပူအောက်ကရွာတွေ စားသောက်ကုန်ပိတ်တာတွေ အခုရက်ထဲ လုပ်နေတယ်” လို့ ပြောပါတယ်။
ရခိုင်ပြည်နယ်နဲ့ ထိစပ်တဲ့ ဧရာဝတီတိုင်းထဲကဒေသတွေမှာ စားသောက်ကုန်၊ ဆေးဝါးနဲ့ စက်သုံးဆီ ဝယ်ယူသယ်ဆောင်တာကို စစ်ကောင်စီက ဇွန်လကစလို့ တားမြစ်တင်းကျပ်လာတာ ဖြစ်ပါတယ်။
အာရက္ခတပ်တော် AA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတို့ဟာ ဧရာဝတီတိုင်းက သာပေါင်း၊ လေးမျက်နှာ၊ ရေကြည်နဲ့ အင်္ဂပူမြို့နယ်တို့မှာ ၂၀၂၅ ခုနှစ်ဆန်းပိုင်းကစလို့ တိုက်ပွဲတွေ ဖြစ်နေပါတယ်။