
ရခိုင်ပြည်နယ်ရဲ့မြို့တော် စစ်တွေမှာ ဩဂုတ် ၃ ရက်က အမျိုးသမီး ၁ ယောက် အပါအဝင် မြို့ခံ ၃ ယောက်ကို စစ်ကောင်စီက ဖမ်းဆီးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
စစ်တွေမြို့ စက်ရုံစုရပ်ကွက်ကို စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင်တွေနဲ့ စစ်တပ် ပူးပေါင်းအင်အား ၄၀ ခန့်နဲ့အတူ ဧည့်စာရင်းဝင်စစ်ခဲ့ပြီး အမျိုးသမီးတယောက်နဲ့ အမျိုးသား ၂ ယောက်တို့ကို ဖမ်းဆီးသွားခဲ့တာလို့ စစ်တွေမြို့ခံတယောက်က ပြောပါတယ်။
“စစ်တပ်နဲ့ ရဲ ပူးပေါင်းပြီးတော့ အင်အား ၄၀ လောက်က ရပ်ကွက်တွင်းကို ဧည့်စာရင်းဝင်စစ်တယ်။ အဲဒီစစ်ဆေးတဲ့အထဲမှာ အမျိုးသမီး တယောက်နဲ့ အမျိုးသား ၂ ယောက်ကို ဖမ်းဆီး ခေါ်ဆောင်သွားတယ်။ ဘာကြောင့် ဖမ်းဆီးသွားတယ်ဆိုလည်း မသိရဘူး။ စစ်ဆေးစရာရှိတယ် ဆိုပြီး ခေါ်သွားတာ။ ဘယ်မှာ ထိန်းသိမ်းထားလဲဆိုတာ မသိရသေးဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီက ဖမ်းဆီးသွားသူတွေမှာ စစ်တွေမြို့ စက်ရုံစုရပ်ကွက်က ဒေါ်မဦးခင် (၃၆ နှစ်)၊ ကိုဝင်းမင်းဇော် (၂၃ နှစ်) နဲ့ ကိုအောင်ကျော်ဌေး (၂၄ နှစ်) တို့ ဖြစ်ကြပါတယ်။
ဒ့ါအပြင် ဇူလိုင် ၁၆ ရက်ကလည်း စစ်တွေမြို့ နန္ဒာရာမဘုန်းကြီးကျောင်းမှာနေတဲ့ ကိုသောင်းမင်း(ခ)လင်းယုန် (၃၈ နှစ်) ကိုလည်း စစ်ကောင်စီက ဖမ်းဆီးသွားခဲ့ပြီး ပြန်မလွတ်သေးဘူးလို့ မြို့ခံတွေက ပြောကြပါတယ်။
စစ်တွေမြို့တွင်းမှာ စစ်ကောင်စီက ရပ်ကွက်တွေကို မကြာခဏဝင်ရောက်ပြီး ဧည့်စာရင်း ဝင်ရောက်စစ်ဆေးမှုတွေ ပြုလုပ်သလို သူတို့ ဖမ်းဆီးချင်တဲ့ သူတွေကို လိုက်လံ ဖမ်းဆီးနေတာမျိုးတွေလည်း ရှိတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
ဒါ့အပြင် စစ်ကောင်စီနဲ့ ပူးပေါင်းအုပ်စုလိုက် ခိုးယူမှုတွေလည်း ရှိနေပြီး အရေးယူမယ့် သူလည်း မရှိဘူးလို့ နောက်ထပ် စစ်တွေမြို့ခံ အမျိုးသမီးတယောက်က ပြောပါတယ်။
“စစ်တွေမြို့က မင်းမဲ့တိုင်းပြည်လို ဖြစ်နေတာ။ တရားဥပဒေ ဆိုတာကို မရှိဘူး။ သူခိုးတွေလည်း စစ်တပ်နဲ့ ပူးပေါင်းပြီး ခိုးနေကြတာ။ အုပ်စုလိုက်ပဲ အိမ်နီးချင်းအိမ်က ခိုးနေတာမြင်လို့ မပြောနိုင်ဘူး။ ပြောရင် အုပ်စုလိုက် ရန်မူကြတာ။ စစ်ကောင်စီကလည်း အလိုပါဆိုတော့ ဘာအရေးယူမှုမှ မလုပ်ဘူး။”
စစ်တွေမြို့မှာ စစ်ကောင်စီက မြို့အဝင်အထွက်တွေကို တင်းတင်းကျပ်ကျပ် ပိတ်ဆို့ထားပြီးတော့ လေကြောင်းတခုတည်းကိုသာ ဖွင့်ပေးထားတာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီက စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့နယ် ၃ ခုကိုသာ ထိန်းချုပ်ထားတော့တာ ဖြစ်ပြီး ကျောက်ဖြူမှာ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။