
ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ သရက်ပင်ကုန်း ကျေးရွာအုပ်စုက စစ်တပ်ထွက် မသန်စွမ်းတယောက် အပါအဝင် ၃ ယောက်ကို စစ်တပ်မကောင်းကြောင်း ပြောလို့ဆိုပြီး သြဂုတ် ၃ ရက်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဲဒီ အဖမ်းခံရတဲ့ လူငယ် ၃ ယောက်ဟာ သရက်ပင်ကုန်းနဲ့ ဘုရားကြီးကုန်းကျေးရွာကဖြစ်ပြီး အဖမ်းခံရသူတွေထဲက တယောက်ဟာ ခြေထောက်စတီးရိုးထည့်ထားရတဲ့ မသန်စွမ်း တပ်ထွက် စစ်မှုထမ်းဟောင်း ဖြစ်ပါတယ်။
အဖမ်းခံရတဲ့သူနဲ့ နီးစပ်သူက “အရက်ဆိုင်ထဲမှာ ထိုင်နေတုန်း လာဖမ်းသွားတာ။ အဖမ်းခံရတာ ၃ ယောက်ပါ။ သူတို့(စစ်တပ်)ထဲကနေ အသုံးမဝင်တော့လို့ ဖယ်ထုတ်ထားတဲ့ မသန်စွမ်း ညီလေးတယောက်လည်း အဖမ်းခံရတဲ့အထဲပါတယ်” လို့ ပြောပါတယ်။
အဲဒီ အဖမ်းခံရတဲ့သူ အားလုံး ဒီနေ့ သြဂုတ် ၅ ရက် ညနေပိုင်းအထိ ပြန်မလွတ်လာသေးသလို စစ်တပ်က အုတ်စီကုန်းကျေးရွာ လမ်းဆုံမှာ အထိုင်ချပြီး အင်အားအများအပြားနဲ့ စစ်ဆေးနေတယ်လို့ ဆိုပါတယ်။
စစ်တပ်နဲ့ နီးစပ်သူက “စစ်ခေါင်းဆောင်က စစ်ရှုံးနေသလို နိုင်ငံတိုးတက်အောင်လည်း ကောင်းကောင်းမလုပ်နိုင်ဘူးလို့ ပြောမိလို့ အဖမ်းခံရတာ။ ဘယ်မှာထားတယ်ဆိုတာတော့ မသိဘူး” လို့ ပြောပါတယ်။
အခုလို လူငယ်တွေ အဖမ်းခံရတာဟာ သရက်ပင်ကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်သန်းက စစ်တပ်မကောင်းကြောင်း ပြောဆိုနေသူတွေကို စာရင်းယူ နာမည်ရေးကာ စစ်တပ်ကို ပေးဖမ်းခိုင်းတာလို့ သိရပါတယ်။