
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်အတွင်း မုဌောရွာနဲ့ ငါးဖျက်ရွာကြားကို ဩဂုတ် ၄ ရက် ညနေ ၄ နာရီခွဲကျော်မှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ကနီဒေသခံရွာသားတယောက်က “ဂျက်ဖိုက်တာနဲ့ ၅ ကြိမ် ပတ်ပြီး ကြဲချသွားတာ။ လူထိခိုက်မှုတော့ မရှိဘူး။ နွားတကောင်တော့ ထိခိုက်မှုရှိခဲ့တယ်။ ဘာတိုက်ပွဲမှမရှိဘူး။ သူတို့ကြဲချချင်လို့ကို ကြဲချသွားတာ” လို့ ပြောပါတယ်။
အဆိုပါ မုဌောရွာနဲ့ ငါးဖျက်ရွာဟာ ချင်းတွင်းမြစ်ကမ်းဘေးမှာ တည်ရှိပြီး အခုလို စစ်တပ်ရဲ့ လေယာဉ်နဲ့ဗုံးကြဲတာ အကြိမ်ကြိမ်ခံရသလို ချင်းတွင်းမြစ်အတွင်း သွားလာနေတဲ့ စစ်သင်္ဘောတွေရဲ့ လက်နက်ကြီးနဲ့ အကြိမ်ကြိမ်ပစ်ခတ်ခံရတဲ့ ကျေးရွာတွေ ဖြစ်တယ်လို့လည်း သိရပါတယ်။
ကနီမြို့နယ် ပကဖ အဖွဲ့ဝင်တယောက်က “သူတို့ ထင်သလိုလုပ်နေတာပဲ။ မြေပြင်မှာ ဘာတိုက်ပွဲမှမရှိဘူး။ အဲဒီရွာတွေက ပြည်သူတွေက နေစရာမရှိကြသလိုတောင် ဖြစ်နေကြရတယ်။ သာမန်ပြည်သူတွေပဲ နေကြတာ။ ဘယ်အဖွဲ့မှလည်း မရှိဘူး။ အခုပစ်ခတ်သွားတဲ့ပုံစံက ဗုံးသီး ၅ လုံး ကြဲချတယ်။ ၄ လုံး ပေါက်ကွဲတယ်၊ တလုံးမပေါက်ကွဲဘူး။ နောက်ပြီး Rocket တွေနဲ့ပါ ပစ်သွားသေးတယ်။ ပြည်သူတွေ လေယာဉ်သတင်းကြိုရလို့ အထိအခိုက်မရှိတာ၊ ကံကောင်းတယ်လို့ ပြောရမယ်” လို့ ပြောပါတယ်။
ကနီမြို့နယ်ဟာ ဇူလိုင် ၃၁ ရက်က စစ်ကောင်စီ အရေးပေါ်အခြေအနေ ကြေညာတဲ့ မြို့နယ် ၆၃ မြို့နယ်ထဲ ပါဝင်တဲ့ မြို့နယ်တခုလည်း ဖြစ်ပါတယ်။