Home
မြန်မာသတင်း
မအီ ရဲစခန်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်၊ မြို့ခံများ ထွက်ပြေး 
DVB
·
August 5, 2025

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့က ရဲစခန်းဟောင်းကို စစ်တပ်က ဩဂုတ် ၄ ရက်မှာ ဂျက်တိုက်လေယာဉ်တစီးနဲ့ လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်အထိ ပြုလုပ်ခဲ့တာကြောင့် မြို့ခံတွေ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မအီမြို့မ ရဲစခန်းနဲ့ ဆေးရုံတို့ကို စစ်တပ်က ဩဂုတ် ၄ ရက် နေ့လယ်ပိုင်း ၁ နာရီ ၁၉ မိနစ်နဲ့ ၁ နာရီ ၂၃ မိနစ်တို့မှာ ၂ ကြိမ် လာရောက်ဗုံးကြဲခဲ့တာဖြစ်ပြီး အရပ်သားထိခိုက်မှုမရှိဘူးလို့ မြို့ခံတယောက်က ပြောပါတယ်။

“စစ်တပ်က သူတို့ရဲ့ အရင်မြို့မရဲစခန်းဟောင်းကို ပစ်မှတ်ထားပြီးတော့ လေကြောင်းကနေ နှစ်ကြိမ်တိုင်တိုင် လာပြီးတိုက်ခိုက်တာ။ ရဲစခန်းမှာ မထိလိုက်ဘဲ ရှေ့က လမ်းမနဲ့ ကွင်းပြင်တွေမှာ ကျရောက်ပေါက်ကွဲသွားတာကြောင့် အရပ်သားတွေ ထိခိုက်မှု သက်သာသွားတာ။ သူတို့က မြို့တွင်းမှာရှိတဲ့နေရာကို ပစ်မှတ်ထား တိုက်ခိုက်ကတည်းက အရပ်သားတွေကို သီးသန့် ပစ်မှတ်ထားပြီး တိုက်ခိုက်တာဖြစ်တယ်။”

စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်ခံရပြီးနောက် မအီမြို့ခံတွေ ဘေးလွတ်ရာနေရာတွေကို တိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မအီမြို့ခံ နောက်ထပ်အမျိုးသားတယောက်က “လေကြောင်းတိုက်ခိုက်ခံရတော့ နောက်ထပ်တိုက်ခိုက်မှာကို စိုးရိမ်ပြီး တိမ်းရှောင်နေကြတဲ့သူတွေ ရှိကြတယ်။ အထူးသဖြင့် ကလေးတွေ၊ အမျိုးသမီးတွေကို ရွှေ့ပြောင်းထားကြတာပေါ့။ လူဦးရေက ထောင်နဲ့ချီပြီး ရှိနိုင်တယ်” လို့ ပြောပါတယ်။

မအီမြို့ကို အာရက္ခတပ်တော်က ၂၀၂၄ ဖေဖော်ဝါရီမှာ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး တောင်ကုတ်မြို့နယ်ကို ၂၀၂၄ ဒီဇင်ဘာလမှာ သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဇူလိုင် ၃၀ ရက်ကလည်း စစ်တပ်က ကျောက်ဖြူမြို့နယ်က ဘုန်းကြီးကျောင်းတခုကို လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဘုန်းကြီးကျောင်းနဲ့ ဓမ္မာရုံတွေ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့ပါတယ်။

စစ်တပ်က ရခိုင်က သူတို့ဆုံးရှုံးထားတဲ့ မြို့နယ်တွေနဲ့ လက်ရှိ တိုက်ပွဲဖြစ်ပွားနေဆဲ မြို့နယ်တွေက အရပ်သားပစ်မှတ်တွေကို ပစ်မှတ်ထားပြီး ဆက်တိုက်ဆိုသလို တိုက်ခိုက်လာနေတာလည်း ဖြစ်ပါတယ်။

အဲဒီလို ပစ်မှတ်ထား တိုက်ခိုက်လာကြောင့် ရခိုင်မှာ ၂၀၂၅ ခုနှစ်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၁၀၀ ကျော်နဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၂၀၀ ကျော်အထိ ရှိခဲ့တယ်လို့ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ စာရင်းတွေအရ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013