Home
မြန်မာသတင်း
ဖားကန့်တွင် တိုက်ပွဲပြင်းထန်၊ စစ်တပ်ပစ်ခတ်မှုကြောင့် အရပ်သားများ ထိခိုက်သေဆုံး
DVB
·
August 4, 2025

ကချင်ပြည်နယ်၊ ဖားကန့်မှာ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် အရပ်သား ထိခိုက်သေဆုံးမှုတွေလည်း ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖားကန့်မြို့နယ်‌၊ ညောင်ပင်ကုန်းကျေးရွာမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းတပ်တွေနဲ့ စစ်တပ်တို့ကြားတိုက်ပွဲ ဆက်လက်ဖြစ်ပွားနေပြီး အနီးရှိ ကျေးရွာတွေမှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲတာကြောင့် အရပ်သား ထိခိုက်သေဆုံးမှုတွေလည်း ရှိနေပါတယ်။

ဩဂုတ် ၄ ရက် မနက်ပိုင်းမှာ ဖားကန့် တပ်မကုန်းကနေ စစ်တပ်က လက်နက်ကြီးနဲ့ ရမ်းသန်းပစ်တာကြောင့် ရွာ ၃ ရွာမှာ ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူ ၂ ယောက် သေဆုံးကာ ၁၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဒီမနက် ဖားကန့် တပ်မကုန်းကနေ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်တာကြောင့် မျောက်ဖြူရွာမှာ လက်နက်ကြီးကျပြီး ပြည်သူ ၂ ယောက်သေတယ်။ ၅ ယောက် ထိခိုက်ဒဏ်ရာရတယ်။ သေတာက သက်ကြီးတယောက်နဲ့ ကလေးတယောက်။ ပြီးတော့ ဒီမနက်လည်း ဆန်းကြွယ်ရွာမှာ ဖားကန့်တပ်မကုန်းက လက်နက်ကြီးပစ်လို့ ပြည်သူ ၄ ယောက် ထိခိုက်ဒဏ်ရာရတယ်။ ဒီမနက် ရှရော်ခရွာ ဘုန်းကြီးကျောင်းမှာ လက်နက်ကြီးကျပြီး ပြည်သူ ၂ ယောက် ထိခိုက်ဒဏ်ရာရတာတွေ ရှိနေတယ်။ ဒါက ဒီမနက်ပိုင်းဖြစ်တာပေါ့။”

မျောက်ဖြူကျေးရွာမှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲတာကြောင့် သေဆုံးသူတွေဟာ အသက် ၃၅ နှစ်အရွယ် အမျိုးသားတယောက်နဲ့ အသက် ၃ နှစ်အရွယ် ကလေးတယောက် ဖြစ်ပါတယ်။

ထိခိုက်ဒဏ်ရာရသူ ၅ ယောက်ထဲမှာလည်း အသက် ၁၀ နှစ်အရွယ်နဲ့ ၁၁ နှစ်အရွယ် ကလေး ၂ ယောက် ပါဝင်ပါတယ်။

ဩဂုတ် ၄ ရက် မနက် ၆ နာရီခန့်မှာ စစ်ရှောင်တွေနေထိုင်တဲ့ ရှရော်ခဘုန်းကြီးကျောင်းရှိ တိမ်ကျောင်းမှာ လက်နက်ကြီးတလုံး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ကလေးငယ် ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အဲဒီဘုန်းကြီးကျောင်းက စစ်ရှောင်တွေလည်း တခြားကျေးရွာကို ထပ်မံတိမ်းရှောင်သွားတယ်လို့ ဆိုပါတယ်။

ဖားကန့်မြို့နယ်အတွင်း စစ်တပ် စစ်ကြောင်းတွေနဲ့ KIA၊ KPDF ပူးပေါင်းတပ်တွေကြား ဒီကနေ့ ဩဂုတ် ၄ ရက်မှာ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ်က လူနေကျေးရွာတွေဘက်ကို လက်နက်ကြီးတွေ ရမ်းသန်းပစ်ခတ်တာတွေ နေ့တိုင်းလုပ်ဆောင်နေပြီး အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုတွေလည်း ရှိခဲ့ပါတယ်။

“မနေ့ကလည်း ဖားကန့်တပ်မကုန်းက လက်နက်ကြီးပစ်လို့ ရှရော်ခရွာမှာ ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူတဦး သေဆုံးခဲ့တယ်။ ဩဂုတ်လ ၂ ရက်နေ့ကလည်း ရှရော်ခမှာပဲ လက်နက်ကြီးကျလို့ ပြည်သူတယောက် ပေါင်ကျိုးသွားတယ်။ စစ်တပ်က ပြည်သူတွေရှိတဲ့နေရာဘက်တွေကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်နေတာ။”

ဖားကန့် လုံးခင်းမြို့နယ်ထဲ စစ်တပ်ဝင်ရောက်လာကတည်းက စစ်ကြောင်းတလျှောက် ပစ်သတ်တာ၊ လက်နက်ကြီး ကျရောက်ပေါက်ကွဲတာတွေကြောင့် ပြည်သူ အယောက် ၆၀ ထက်မနည်း သေဆုံးခဲ့ပြီး ၁၀၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကြောင်း ဖားကန့်မြို့နယ်ထဲ ဝင်ရောက်လာကတည်းက ကျေးရွာ ၁၀ ရွာကျော် စစ်ဘေးတိမ်းရှောင်နေရပြီး လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်နေပါတယ်။

ဟန်န

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013