Home
မြန်မာသတင်း
စက်တပ်လေထီးဖြင့် နေ့စဉ်ဗုံးကြဲခံနေရသဖြင့် ဘုတလင်ဒေသခံများ နေရပ်စွန့်ခွာနေရ
DVB
·
August 4, 2025

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တောင်ခြမ်းက ကျေးရွာတွေကို ဇူလိုင် ၃၀ ရက်က စတင်ပြီး ဩဂုတ် ၃ ရက်အထိ စစ်တပ်က စက်တပ်လေထီးနဲ့ နေ့စဉ်ရက်ဆက် ဗုံးကြဲချတိုက်ခိုက်နေလို့ ဒေသခံအများစု နေရပ်စွန့်ခွာနေကြရတယ်လို့ သိရပါတယ်။

မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) ကနေ စက်တပ်လေထီးတွေနဲ့ လာရောက်တိုက်ခိုက်တာလို့ ဘုတလင် ဒေသခံတယောက်က ပြောပါတယ်။

“စစ်တပ်ကတော့ နေ့စဉ်ရက်ဆက်ဆိုသလိုပဲ ကျနော်တို့ ဘုတလင်တောင်ခြမ်းက ကျေးရွာတွေကို ဗုံးကြဲနေတယ်ဗျ။ ဇူလိုင် ၃၀ ရက်နေ့က သမ္မတောရွာကိုလည်း ကြဲတယ်ဗျ။ အဲမှာက ၇ နှစ်အရွယ် ကလေးငယ်တဦးနဲ့ ၃၃ နှစ်အရွယ် အမျိုးသားတဦး ထိခိုက်တယ်။ ဇူလိုင် ၃၁ ရက်နေ့ကလည်း ဘုတလင်မြို့ တောထဲတနေရာကို ကြဲချသေးတယ်ဗျ။ အဲမှာတော့ လူထိခိုက်တာတော့ မရှိခဲ့ဘူး။ ဩဂုတ် ၁ ရက်နေ့ကလည်း ဘုတလင်အရှေ့တောင်ခြမ်း တနေရာကို ကြဲချသွားတယ်။ အဲဒီမှာလည်း လူနေတဲ့နေရာမဟုတ်တော့ ထိခိုက်မှုမရှိဘူး။ ဩဂုတ် ၂ ရက် မနက်ခင်း ၉ နာရီခွဲကလည်း မြို့ပေါ်ရွာကို ဗုံးသီး ၄ လုံး ကြဲချတိုက်ခိုက်သေးတယ်ဗျ။ ရွာလယ်မှာ တကြိမ် ဗုံးသီး ၂ လုံး၊ ရွာအပြင်ကို ၂ လုံး ကြဲချသွားတယ်၊ လူထိခိုက်မှုတော့ မရှိခဲ့ဘူး။ စစ်တပ်က အဲလို ဗုံးကြဲချလို့ ကျနော်တို့ ဘုတလင်မြို့နယ်ထဲက ဇီးတောရွာ၊ မြို့ပေါ်ရွာ၊ နောပင်ရိုး၊ ရွာရှည်၊ နတ်သာရွာ စတဲ့ကျေးရွာက ပြည်သူတွေ နေရပ်စွန့်ခွာနေကြရတယ်။”

ဩဂုတ် ၂ ရက်က ဗုံးကြဲချခံရတဲ့ မြို့ပေါ်ရွာဟာ အိမ်ခြေ ၄၅၀ ရှိတဲ့ ကျေးရွာဖြစ်တယ်လို့လည်း သိရပါတယ်။

ဘုတလင်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဒုတာဝန်ခံက “ရန်သူက ရန်သူအလုပ်ကို လုပ်နေတာ ဆိုပေမဲ့ အရပ်သားတွေနေတဲ့ နေရာတွေကိုတော့ အခုလို တိုက်ခိုက်နေတာကတော့ ဥပဒေမဲ့လွန်းပါတယ်ဗျာ။ အရပ်သားတွေမှာ ဘာအပြစ်မှမရှိဘူး။ နေ့စဉ်ရက်ဆက်ကြီး နေ့ရော၊ ညပါ ဝေဟင်ကနေ ပျံသန်း ဗုံးကြဲချနေတော့ ပြည်သူတွေရဲ့ လုံခြုံမှုက စိုးရိမ်စရာဖြစ်‌နေရတယ်။ အန္တရာယ်ကင်းရှင်းဖို့ လေကြောင်းသတင်းကို အထူးနားစွင့်နေကြပြီး ဗုံးခိုကျင်းများထဲ နေကြဖို့ပဲ ပြောချင်ပါတယ်” လို့ ပြောပါတယ်။

နမခ စစ်ကောင်စီ အထိုင်စစ်တပ်ဟာ ဘုတလင်မြို့နယ်အစပ်နဲ့ မုံရွာမြို့နယ် မြောက်ခြမ်းအစပ်မှာ တည်ရှိပြီး စစ်တပ်စခန်းအနီးတဝိုက်ကို စက်တပ်လေထီးတွေနဲ့ ကင်းပတ်ပျံသန်းတာတွေလည်း ပြုလုပ်‌နေသလို ညပိုင်းမှာ လက်နက်ကြီးတွေနဲလည်း ပစ်ခတ်လေ့ရှိတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013