
ရှမ်းပြည်နယ်၊ သီပေါမြို့ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့သလို နောင်ချို-မိုးကုတ်လမ်းပိုင်းနဲ့ ဂုတ်တွင်းဘက်မှာလည်း တိုက်ပွဲတွေ ဆက်ရှိနေပါတယ်။
စစ်တပ်က နောင်ချိုမြို့ကို ပြန်သိမ်းပြီးနောက် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့ တခြားမြို့တွေကိုလည်း ထပ်ပြီးရရှိဖို့ ကြိုးစားလာနေတာဖြစ်ပါတယ်။
လက်ရှိမှာတော့ လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်လုပ်ဆောင်နေတာဖြစ်ပြီး သြဂုတ် ၃ ရက်မှာလည်း သီပေါမြို့ကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။
"ခလရ ၂၃ ထဲကို ကြဲတာ၊ ပေါင် ၅၀၀ ဗုံးတွေနဲ့ကြဲတာ။ အဓိက ကတော့ အဲ့ထဲမှာ တော်လှန်ရေးတပ်တွေ ရှိတယ်အထင်နဲ့ကြဲတာ။ လူထိခိုက်သေဆုံးတာ မရှိဘူးလို့တော့ ကြားတယ်။ အတိအကျတော့ မသိသေးဘူး"
သြဂုတ် ၂ ရက် တုန်းကလည်း မိုးကုတ်မြို့ကို စစ်တပ်က လေကြေင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် လူထိခိုက်သေဆုံးတာတွေ ရှိခဲ့ပါတယ်။
လက်ရှိမှာတော့ နောင်ချိုမြို့နယ် ဂုတ်တွင်းဘက်မှာရှိနေတဲ့စစ်ကြောင်းကလည်း ကျောက်မဲဘက်ကို ဉီးတည်နေပြီး အဲဒီစစ်ကြောင်းက ရှေ့ဆက်တိုးဖို့ ကြိုးစားနေတာကြောင့် တိုက်ပွဲက ဆက်လက်ပြင်းထန်နေပါတယ်။
ဒါ့အပြင် နောင်ချို-မိုးကုတ်လမ်းပိုင်းမှာရှိနေတဲ့ စစ်တပ်ရဲ့ စစ်ကြောင်းကလည်း ရှေ့ကို ဆက်တိုးနေတာကြောင့်တိုက်ပွဲက ဆက်ရှိနေတယ်လို့ စစ်ရေးလေ့လာသုံးသပ်သူ CDM ဗိုလ်ကြီးကိုဇင်ယော်က ပြောပါတယ်။
စစ်ကောင်စီက နောင်ချိုကို ပြန်ပြီးထိုးစစ်ဆင်တုန်းကလည်း လေကြောင်း၊ လက်နက်ကြီးနဲ့ အဆိပ်ငွေ့ဗုံးတွေကို အဓိကအားကိုးတိုက်ခိုက်ခဲ့တာဖြစ်ပြီး ကျန်မြို့နယ်တွေကိုလည်း အဲဒီလိုမျိုးပဲ တိုက်စစ်ဆင်ဖို့ ကြိုးစားလိမ့်မယ်လို့ စစ်ရေးလေ့လာသူတွေ သုံးသပ်ကြပါတယ်။
နောင်ချိုကို စစ်ကောင်စီက ရပြီးတဲ့နောက် ခံစစ်ကို အခိုင်အမာပြင်ဆင်နေသလို ဆက်နေတဲ့ ကျောက်မဲနဲ့ မိုးကုတ်ကိုလည်း ထိုးစစ်ဆင်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။
ထက်အောင်