
ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ အိုင်ကြီးထောင့်ကျေးရွာကို သြဂုတ် ၂ ရက် ညပိုင်းမှာ စစ်ကောင်စီက ဒရုန်း ၂ စီးနဲ့ လာရောက်ဗုံးကြဲခဲ့တာကြောင့် အမျိုးသမီးတယောက် ဒဏ်ရာပြင်းထန်ခဲ့ပြီး နေအိမ်လည်း ပျက်စီးသွားတယ်လို့ သိရပါတယ်။
ဒဏ်ရာရရှိသူဟာ အသက် ၅၂ နှစ်ဝန်းကျင် ဒေါ်ညွန့်ဝင်းဖြစ်ပြီး ဆီးခုံအထက်ပိုင်း ဒဏ်ရာရရှိခဲ့တဲ့အပြင် အူပွင့်ထွက်ပြီး ဒဏ်ရာပြင်းထန်တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
“ဒေါ်ညွန့်ဝင်းက အဲဒီအချိန်အိမ်အောက်မှာ နွားတွေခြင်ကိုက်လို့ နွားမီးဖိုနေတဲ့အချိန် အိမ်ပေါ်မှာ ဒရုန်း ၂ စီးက ဝဲလာတယ်။ ဒေါ်ညွန့်ဝင်းက မိသားစု ၅ ယောက်ရှိတော့ တခြားသူတွေက အိမ်ပေါ်မှာ ဒရုန်းဝဲတာ သိသိချင်း နောက်ဖေးပြေးတဲ့သူကလည်းပြေး အိမ်ရှေ့ပြေးတဲ့သူကလည်း ပြေးတာပေါ့။ သူ့သားသမီးတွေက သူ့ကို လှမ်းခေါ်တဲ့အချိန်မှာပဲ ထိသွားတာ”
လက်ရှိမှာ ဒေါ်ညွန့်ဝင်းရဲ့ ဒဏ်ရာပြင်းထန်တာကြောင့် ပြည်မြို့ဆေးရုံကို ပို့ထားပြီး ဆေးကုသမှု ခံယူနေရတယ်လို့ သူက ဆက်ပြောပါတယ်။
ဒေါ်ညွန့်ဝင်းရဲ့ နေအိမ်ဟာ အိုင်ကြီးထောင့်ရွာအစွန်ဆုံးမှာ တည်ရှိတာဖြစ်ပြီး စစ်ကောင်စီက တိုက်ပွဲမရှိဘဲ ဒရုန်းနဲ့ လာရောက်ဗုံးကြဲတာလို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတယောက်က “ဒီရွာမှာ လက်ရှိ PDF တွေဘာတွေလည်း မရှိဘူး။ အရင်ကလည်းမ လာဖူးဘူး။ ဒီအိမ်တအိမ်တည်းကိုပဲ ဘာရည်ရွယ်ချက်နဲ့ လာကြဲတာလဲတော့ မသိဘူးပေါ့လေ။ သူတို့လည်း သာမန်လက်လုပ်လက်စားမိသားစုပဲ။ PDF တွေ ဘာတွေနဲ့လည်း အဆက်အသွယ် မရှိဘူး။ ရွာကလည်း ဥတလုံးရွာလေ။ တရွာတည်းထွက်နေတဲ့ရွာမျိုး။ ပတ်ဝန်းကျင်ရွာလည်း အဆက်အစပ်မရှိဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီဟာ အိုင်ကြီးထောင့်ရွာနဲ့ ၄ မိုင်ကျော်ဝေးတဲ့ ဘန့်ဘွေးကုန်းရွာမှာ အထိုင်စခန်းချထားပြီး အနီးပတ်ဝန်းကျင်က ရွာတွေကို စစ်ကြောင်းထိုးတာ၊ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်တဲ့အပြင် ဇူလိုင် ၂၂ ရက်နေ့ကလည်း အုတ်ဖိုမြို့နယ်အတွင်းမှာရှိတဲ့ ကြို့ကိုးပင်ရွာကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။