Home
မြန်မာသတင်း
တိုက်ပွဲပြင်းထန်နေသည့်ကြား စစ်သင်္ဘောများ ဗန်းမော်မြို့ကို ဝင်ရောက်သွား
DVB
·
August 3, 2025
SAC-Ship-1

တော်လှန်ရေးအင်အားစုတွေ ခုခံတိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်နေတဲ့ကြားကနေ ရွှေကူရောက် စစ်သင်္ဘောတွေဟာ ဗန်းမော်မြို့ကို ဝင်ရောက်သွားခဲ့တယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ရှေ့တန်းသတင်းရင်းမြစ်က သိရပါတယ်။ 

ပြီးခဲ့တဲ့ ဇူလိုင်လနောက်ဆုံးပတ်ကတည်းက ကချင်ပြည်နယ်၊ ရွှေကူမြို့ကိုရောက်နေတဲ့ စစ်သင်္ဘောတွေဟာ တော်လှန်ရေးတပ်တွေနဲ့ ခုခံတိုက်ပွဲတွေ ပြင်းထန်နေတဲ့ကြားကပဲ ဗန်းမော်မြို့ကို ဝင်ရောက်သွားတယ်လို့  ကချင်ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။

မန္တလေးဂေါဝန်ဆိပ်ကမ်းကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း နှစ်သုတ်ခွဲပြီးတက်လာခဲ့တဲ့ စစ်သင်္ဘောတွေထဲက ၁၂ စင်းဟာ ရွှေကူမြို့ကို ပြီးခဲ့တဲ့ ဇူလိုင် ၂၆ ရက် ညပိုင်းကပဲ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

စစ်သင်္ဘော ၈ စင်းဟာ  ဩဂုတ် ၁ ရက် ညပိုင်းမှာပဲ ဗန်းမော်မြို့ကို ဝင်ရောက်သွားခဲ့တယ်လို့ ကချင်စစ်ရေးသတင်းအမြစ်တယောက်က  အတည်ပြုပြောပါတယ်။

“မနေ့ (ဩဂုတ် ၁ ရက်) က မြစ်ကြောင်းတလျှောက် တနေကုန်တိုက်ပွဲ ဖြစ်တယ်။ စကစတွေလည်း ရွှေကူကနေ သင်္ဘောတွေ တောက်လျှောက် ဆန်တက်လာတော့ ကျနော်တို့ ဒီ စဉ်းပုံနားမှာတွေရော၊ ပြီးတော့ စင်ခန်းပတ်ဝန်းကျင်တွေ၊ ပြီးတော့ မြလယ်ကောင်းတုံတကျောတွေမှာလည်း တိုက်ပွဲတွေ တောက်လျှောက်ဖြစ်တယ်။ စကစတွေဘက်က မြေပြင်ကနေ သင်္ဘောကနေ ဆင်းပြီး မြေပြင်ကနေ ပြန်ထိုးလာတာတွေရှိတော့ မနေ့က တနေကုန် မြစ်ကြောင်းတလျှောက် တိုက်ပွဲတွေဖြစ်တယ်။ မနေ့က ညပိုင်းကတည်းကနေ ဗန်းမော်မြို့ပတ်ဝန်းကျင်ကို စကစ သင်္ဘော ၈ စင်း လောက်ကတော့ ရောက်သွားပြီ။ မြို့ထဲကိုတော့ စကစ သင်္ဘော ၈ စင်းကတော့ ဝင်သွားပြီ။ အဲလိုဆိုတော့ မြစ်ကြောင်းတလျှောက် Y12 တွေ ဂျက်လေယာဉ်တွေနဲ့ အကြီးအကျယ် ဗုံးကြဲတာတွေ တောက်လျှောက်လုပ်တယ်။”

လက်ရှိမှာ စစ်ကောင်စီတပ်ဟာ စစ်သင်္ဘောတွေဆန်တက်နိုင်ဖို့ လေကြောင်းကနေလည်း ရဟတ်ယာဥ်၊ ဂျက်လေယာဉ်တွေနဲ့ မြစ်ကမ်းဘေးတလျှောက်ကို ပစ်ကူပေးနေပြီး စစ်သင်္ဘောပေါ်ကနေလည်း လက်နက်ကြီးတွေနဲ့ ရမ်းသန်း ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

စစ်သင်္ဘောတွေဟာ တော်လှန်ရေးအင်အားစုတွေ ခုခံတိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်နေတဲ့ကြားကနေ ရက်သတ္တပတ်ဝန်းကျင်လောက်အကြာမှာ ဗန်းမော်မြို့ကို ဆန်တက်သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။

မြစ်ကြောင်းလမ်းအပြင် မြေပြင်ကနေလည်း မြစ်ကမ်းဘေးတလျှောက် အသင့်နေရာယူထားကြတဲ့ စစ်တပ်တွေဟာ တပြိုင်တည်း စစ်ရေးလှုပ်ရှားလာတာတွေ ရှိတယ်လို့ သိရပါတယ်။

ရွှေကူမြို့ကို စစ်သင်္ဘောတွေ ရောက်ရှိပြီးတဲ့နောက် ဇူလိုင် ၂၇၊ ၂၉၊ ၃၁ ရက်နေ့တွေမှာလည်း အထက်ဘက်ကို ဆက်လက်ဆန်တက်ဖို့ ကြိုးစားခဲ့သေးတယ်လို့ သိရပါတယ်။

ရွှေကူမြို့ကနေ ဆန်တက်လာတဲ့ စစ်သင်္ဘောတွေထဲက ၅ စင်းကိုတော့ လမ်းမှာ ဖျက်ဆီးပစ်နိုင်ခဲ့တယ်လို့  KIA ဘက်ကလည်း အတည်ပြုထားပါတယ်။

KIA ရှေ့တန်းသတင်းရင်းမြစ်တယောက်က “အဓိက ရွှေကူကနေ ဆန်တက်လာတဲ့ စစ်သင်္ဘော ၅ စင်းကိုတော့ လမ်းတလျှောက်မှာ တိုက်ခိုက်ဖျက်ဆီးခဲ့တယ်။ ဩဂုတ် ၁ ရက်နေ့က ၂ စင်း ဖျက်ဆီးနိုင်ခဲ့တယ်။ လွန်ခဲ့တဲ့ ဇူလိုင် ၃၁ ရက်ကတော့ ၃ စင်း ဖျက်ဆီးနိုင်ခဲ့တယ်”လို့ ပြောပါတယ်။

စစ်သင်္ဘောတွေဆန်တက်လာချိန်တလျှောက်မှာ မြစ်ကြောင်းရှင်းလင်းရေးအနေနဲ့ မြစ်ကမ်းဘး တလျှောက်ကို လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်ခဲ့တာကြောင့် အရပ်သား  ၂၄ ယောက် သေဆုံးခဲ့ပါတယ်။

စစ်သင်္ဘောတွေဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဩဂုတ်လကလည်း ဧရာဝတီမြစ်ကို အသုံးပြုပြီး အထက်ဘက် တကောင်း၊ ထီးချိုင့်၊ ကသာ၊ ရွှေကူ၊ ဗန်းမော်မြို့တွေအထိ စစ်လက်နက်နဲ့ ရိက္ခာတွေ ဖြည့်တင်းနိုင်ခဲ့ပါတယ်။

လက်ရှိကချင်ပြည်နယ်အတွက် အရေးပါတဲ့ ဗန်းမော်မြို့ သိမ်းတိုက်ပွဲဟာလည်း ဆက်လက် ပြင်းထန်နေဆဲဖြစ်ပြီး စစ်တပ်ကလည်း ဗန်းမော်မြို့ကိုကာကွယ်ဖို စစ်လက်နက်နဲ့ ရိက္ခာတွေကို ရတဲ့နည်းနဲ့ သယ်ယူပို့ဆောင်ဖို့  ကြိုးစားနေတာလည်း ဖြစ်ပါတယ်။ 

ဟန်န

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024