
အာဏာသိမ်းစစ်တပ်ဟာ ပုဂံ-ညောင်ဦးနယ်မှာ ဒေသခံလူငယ်တွေအပြင် ဘုရားဖူးလာတဲ့ လူငယ်တချို့ကိုပါ အဓမ္မဖမ်းဆီး လူသစ်စုဆောင်း ပေါ်တာဆွဲနေတယ်လို့ နယ်ခံတွေက ပြောပါတယ်။
မြန်မာ့သမိုင်းဝင် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေရဲ့ အထွတ်အမြတ်ထားရာ စေတီပုထိုးတွေ တည်ရှိတဲ့ ပုဂံ-ညောင်ဦးနယ်မှာ စစ်တပ်က စစ်မှုထမ်းဥပဒေနဲ့ ဒေသခံလူငယ်တွေကို အဓမ္မလူသစ် စုဆောင်းနေတာပါ။
ဒါ့အပြင် ဘုရားဖူးနဲ့ အလည်အပတ်လာတဲ့ လူငယ်တွေကိုပါ အဓမ္မဖမ်းဆီး ပေါ်တာဆွဲတာတွေ ပြုလုပ်နေတယ်လို့ နယ်မြေခံတွေက ပြောပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပုဂံ- ညောင်ဦးဒေသမှာလည်း ခုခံတွန်းလှန်စစ်ပွဲ တွေဖြစ်ပွားနေတာမှာ ဒီရက်ပိုင်းမှာလည်း ညောင်ဦးမြို့နယ်မှာ ပျူစောထီး၊ စစ်တပ်ပူးပေါင်း စစ် ကြောင်းနဲ့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေကြား ပစ်ခတ်မှုတွေ ဖြစ်ပွားနေတယ်လို့ ပုဂံဒေသခံက ပြောပါတယ်။
စစ်တပ်က အာဏာသိမ်းတဲ့ ၅ နှစ်တာကာလအတွင်း ပုဂံ- ညောင်ဦးနယ်ကို ဘုရားဖူးလာသူတွေနဲ့ ခရီးသွားဧည့်သည်တွေ လျော့နည်းလာနေတာပါ။
ဒါ့ကြောင့် ဒေသတွင်းမှာ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးလာတဲ့အပြင် လက်ရှိဖြစ်ပွားနေတဲ့ စစ်ပွဲတွေရဲ့ နောက်ဆက်တွဲ လူနေမှုဘဝ အကျပ်အတည်းတွေကြောင့် လုယက်မှုနဲ့ ဓားပြတိုက်မှုတွေ ရှိလာတယ်လို့ နယ်မြေခံတွေက ပြောပါတယ်။