Home
မြန်မာသတင်း
တော်လှန်ရေးတပ်ဖွဲ့များ ရာနှင့်ချီ ဘက်ပြောင်းလာဟု စစ်တပ် ဝါဒဖြန့်
DVB
·
August 1, 2025

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်-မန္တလေး (MDY-PDF)၊ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) တို့ကနေ တပ်ဖွဲ့ဝင် စုစုပေါင်း အယောက် ၁၀၀ ကျော် စစ်တပ်ကို ဘက်ပြောင်းလာတယ်လို့ စစ်တပ်လက်အောက်ခံ မီဒီယာတွေက ဇူလိုင် ၃၁ ရက်မှာ  ဖော်ပြပါတယ်။

ဇူလိုင် ၁၇ ရက်ကနေ ၂၉ ရက်အထိ TNLA တပ်ဖွဲ့ဝင် ၄ ယောက်၊ DPLA တပ်ဖွဲ့ဝင် ၄၇ ယောက်၊ MDY-PDF အဖွဲ့ဝင် ၆၁ ယောက်နဲ့ ရွာငံ PDF တပ်ဖွဲ့ဝင် ၆ ယောက်၊ စုစုပေါင်း ၁၁၈ ယောက်တို့ဟာ လက်နက်မျိုးစုံ ၁၄ လက်၊ ကျည်မျိုးစုံ ၁,၅၁၅ တောင့်၊ ကျည်အိမ် ၁၂ ခုနဲ့အတူ ဝင်ရောက်လာတယ်လို့ ဇူလိုင် ၃၀ ရက်မှာ ထုတ်ပြန်ပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ဘက်ပြောင်းတာ ၁ ရာခိုင်နှုန်းလောက်ပဲရှိတဲ့အပေါ်  စစ်တပ်ဘက်က စိတ်ဓာတ်စစ်ဆင်ရေးအရ ဝါဒဖြန့် ထုတ်ပြန်တာလို့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ရေးလေ့လာသူတွေက ပြောပါတယ်။

CDM ဗိုလ်ကြီးဇင်ယော်က “ဘယ်ကနေစလဲဆိုတော့ မန္တလေး-သပိတ်ကျင်း၊ စဉ့်ကူး-လက်ပံလှ ကာကွယ်ရေးတပ်တွေဘက်ကနေ ခွင့်မဲ့ပျက်ကွက်တယ်တို့ ထုတ်ပြန်လာတဲ့ အကြောင်းအရာတွေ အပေါ်မှာ သူတို့က တန်ပြန် စိတ်ဓာတ်စစ်ဆင်ရေးလုပ်တာ ဖြစ်ပါတယ်။ စစ်တပ်က ဒါက မူလ နဂိုတည်းက ဒီလို ထင်ယောင်ထင်မှားဖြစ်အောင် လုပ်တတ်ပါတယ်။ လက်ရှိ စစ်ရေးအရ အရေးသာတဲ့အချိန်မှာ လုပ်လာတဲ့ ဒီဆိုက်ဝါးသည် နည်းနည်း ယုတ္တိတန်တဲ့ အနေအထားမျိုး တခြားသူတွေရဲ့ စိတ်ထဲမှာ ထင်သွားတာ ဖြစ်ပါတယ်။ ဒါကြောင့် ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ လက်ရှိ မဟုတ်ကြောင်း မမှန်ကြောင်း ကိုယ့်အင်အားတွေ တန်းစီချပြရမှာမျိုး မဟုတ်ပါဘူး။ ထင်သာ မြင်သာအောင် တန်ပြန် စိတ်ဓာတ်စစ်ဆင်ရေးလုပ်ဖို့ အရေးကြီးပါတယ်ပဲ ပြောချင်ပါတယ်” လို့ ပြောပါတယ်။

လက်ရှိ အနေအထားအရ စစ်တပ်ဘက်ကနေ နောင်ချို-မိုးဗြဲ၊ သပိတ်ကျင်းမြို့တွေကို တိုက်ခိုက်လာပြီ ဆိုကတည်းက အချိန်ကိုက် ဝါဒဖြန့်လာတာတွေ ရှိတယ်လို့လည်း CDM ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။

MDY PDF အပါအဝင် TNLA၊ DPLA စတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကနေ စစ်တပ်ကို ဘက်ပြောင်းလာသူ ရာနဲ့ချီ ရှိတယ်ဆိုတာ ဝါဒဖြန့်မှု သက်သက်သာဖြစ်တယ်လို့ MDF PDF ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က ပြောပါတယ်။

“ကျနော်တို့ MDY PDF အပါအဝင် တော်လှန်ရေးတပ်ဖွဲ့တွေဘက်က စစ်ကောင်စီထံ အလင်းဝင်တယ်၊ ဘက်ပြောင်းခိုလှုံတယ်ဆိုတဲ့ သတင်းက မဟုတ်ပါဘူးခင်ဗျာ။ ဒါက စစ်ကောင်စီဘက်က ဝါဒဖြန့်မှု သက်သက်သာ ဖြစ်ပါတယ်။”

ဒါ့အပြင် စစ်တပ်က သူတို့လက်အောက်ခံ မီဒီယာတွေကနေတဆင့် တော်လှန်ရေးတပ်ဖွဲ့တွေဟာ ပြည်သူတွေကို အဓမ္မ စစ်သားစုဆောင်းတာတွေ၊ တပ်သားအချင်းချင်း အနိုင်ကျင့်တာတွေ ရှိနေတယ်လို့ ထုတ်ပြန်နေတာတွေဟာ မဟုတ်မှန်ကြောင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) ပြောရေးဆိုခွင့်ရှိသူ ကိုဟန်လိုင်းက ပြောပါတယ်။

“ကျနော်တို့ တော်လှန်ရေးတပ်ဖွဲ့ဝင် အချင်းချင်းပေါ်မှာ အနိုင်ကျင့်တာမျိုးတွေ မရှိပါဘူး။ ဒီ စစ်ကောင်စီရဲ့ နောင်ချိုရပြီး နောက်ပိုင်းမှာ ဝါဒဖြန့်တာသက်သက်သာ ဖြစ်တယ်လို့ ကျနော်တို့ မှတ်ချက်ပြုပါတယ်။ ကျနော်တို့ တော်လှန်ရေးရဲဘော်အချင်းချင်းလည်း အနိုင်ကျင့်တာမျိုး မရှိသလို အဲဒါမျိုးလည်း အဖြစ်မခံပါဘူး။”

စစ်ကောင်စီအနေနဲ့ TNLA ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နဲ့ MDY-PDF နဲ့ ပူးပေါင်းအဖွဲ့တွေ သိမ်းပိုက် ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်တို့ကို ပြန်လည် ရယူပြီးနောက် အခုလို တော်လှန်ရေးတပ်သားတွေ ဘက်ပြောင်းခိုလှုံတဲ့ သတင်းတွေ ဆက်တိုက် ထုတ်ပြန်နေတာပါ။

ဒါ့အပြင် စစ်တပ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF) တွေ အပါအဝင် လက်နက်ကိုင် အုပ်စုတွေကို နိုင်ငံ့အကျိုး လက်တွဲဖော်ဆောင်ဖို့ဆိုကာ အစိုးရနဲ့ တပ်မတော်မှ ဖိတ်ခေါ်နေသည် ဆိုတဲ့ ဖုန်းမက်ဆေ့ချ် စာတိုတွေကို ဇူလိုင် ၃၀ ရက်က စတင်ကာ ဖုန်းအော်ပရေတာတွေကတဆင့် ပေးပို့နေပါတယ်။

ဇွဲသစ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013