Home
မြန်မာသတင်း
မိုးညှင်း-ဖားကန့်လမ်းကို စစ်ကောင်စီတပ်က ပိတ်၊ ဖားကန့်တွင် ကုန်ဈေးနှုန်း မြင့်တက်
DVB
·
July 31, 2025

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်နဲ့ ဖားကန့်မြို့ကို ဆက်သွယ်တဲ့ လမ်းပိုင်းကို စစ်ကောင်စီတပ်က ပိတ်လိုက်တာကြောင့် ဖားကန့်မှာ ကုန်စည်ဈေးနှုန်းတွေ မြင့်တက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီ ပူးပေါင်း ရှမ်းနီတပ်တွေနဲ့ ကချင်အမျိုးသားလွတ်မြောက်ရေးတပ် (KIA) တပ်တွေ ဇူလိုင် ၁၄ ရက်က တိုက်ပွဲဖြစ်ပြီးနောက် ဇူလိုင် ၂၇ ရက်က စလို့ နန့်မွန်ဂိတ်နဲ့ လုံးတုံဂိတ်တွေကို ပိတ်တာကြောင့် ဖားကန့်မှာ ကုန်စည်​တွေ ဈေးတက်နေတာလို့ ဆိုပါတယ်။

ဒေသခံတယောက်က “ဇူလိုင် ၂၆ ရက်က ၁၀ စီးလောက် လွှတ်ပေးသေးတယ်။ နန့်မွန်နဲ့ လုံးတုံက မိုင် ၂၀ လောက် ဝေးမယ်။ အဲဒီမှာ စစ်တပ်ဂိတ်ရှိတယ်။ အဲဒီက တားထားတာ။ ဖားကန့်ဘက်တက်မယ့် ကားတွေက အဲဒီမှာပဲ ပိတ်မိနေတာပေါ့နော်။ နန့်မွန်မှာ တားတာက ရှမ်းနီ၊ လုံးတုံမှာတားတာက စစ်တပ်ဂိတ်။ အဓိကသဘောကတော့ ဒီဘက်ကို ရိက္ခာဖြတ်ချင်တဲ့ သဘောလားပေါ့နော်။ လက်ရှိ ဖားကန့်မှာ စစ်ကောင်စီက နယ်မြေစိုးမိုးဖို့ လုပ်နေတဲ့သဘော ရှိတယ်။ ကျနော်တို့ ပြည်သူတွေကတော့ လက်ရှိ ဈေးကြီးတဲ့ဒဏ်ကို ခံစားနေကြရတယ်” လို့ ပြောပါတယ်။

နန့်မွန်ဂိတ်ကနေ လွှတ်ပေးလိုက်တဲ့ ကုန်စည်ကားတွေကို စစ်ကောင်စီ အထိုင်ချတဲ့ လုံးတုံဂိတ်မှာ ပိတ်ထားတာ ၂ ရက်ရှိပြီလို့လည်း ဆိုပါတယ်။

အဲဒီလမ်းဟာ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ လမ်းဖြစ်ပြီးတော့ နန့်မွန်ဟာ အင်းတော်ကြီး အပိုင်ဒေသဖြစ်ပေမဲ့ လုံးတုံဂိတ်ဟာ ဖားကန့်အပိုင်ဖြစ်တယ်လို့ သိရပါတယ်။

KIA တပ်ရင်း ၂၆ နယ်မြေဖြစ်တဲ့ အင်းတော်ကြီးဒေသ၊ မိုင်းနောင်ကျေးရွာဘက်မှာ ဇူလိုင် ၁၄ ရက်ကစပြီး တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက် စစ်ကောင်စီတပ်တွေ အင်အားအလုံးအရင်းနဲ့ တိုးလာလို့ KIA တပ်တွေ ပြန်ဆုတ်ပေးလိုက်ရတာကြောင့် လမ်းကို ပိတ်လိုက်တာလို့ ဆိုပါတယ်။

အဲဒီ အင်းတော်ကြီးဒေသ အရှေ့ဘက်ခြမ်းကို KIA နဲ့ PDF တပ်တွေ အရင်က စိုးမိုးထိန်းချုပ်ထားတာဖြစ်ပြီး စစ်ကောင်စီတပ်တွေ ထိုးစစ်ဆင်လာလို့ ဒေသခံတွေလည်း ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

ဖားကန့်ဒေသခံတယောက်က “မိုင်းနောင် KIA တပ်တွေ ဆုတ်ခွာတော့ အိမ်တွေ ဝင်သိမ်းတယ်။ လုံးတုံမှာက စစ်တပ် ထိုင်ထားတာ ကြာလှပြီ။ အဲဒါကိုကျော်သွားရင် စစ်တပ်ဂိတ် မရှိတော့ဘူး၊ KIA ဂိတ်ပဲ ရှိတော့တယ်။ တိုက်ပွဲတွေက မရှိဘူး။ ကုန်စည်ဖြတ်ချင်တာလား မသိဘူး။ ကြက်သား တပိဿာ ၁၀၀,၀၀၀ ကျော်၊ ကြက်ဥတလုံး ၃,၀၀၀၊ ဒါတောင် ရှာဝယ်မရဘူး။ ကားတွေမဝင်လို့။ ခရမ်းချဥ်သီးတပိဿာ ၈၀,၀၀၀၊ ငရုတ်သီးတပိဿာ ၁၀၀,၀၀၀၊ ဆန်တအိတ် ၂ သိန်း ဖြစ်သွားတယ်။ ဝက်သားဆို တပိဿာ ၈၀,၀၀၀ ဖြစ်နေပြီ။ ဖားကန့်ဈေးတွေက အမြဲတက်နေတာ။ တက်ပြီး ပြန်မကျဘူး။ အခုကျ ဘာမှမဝင်တော့ ဘာမှစားစရာကိုမရှိ၊ ဈေးကကြီး၊ အလုပ်ကမလုပ်ရ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေ လမ်းမပိတ်ခင်က ဖားကန့်ဒေသမှာ ကြက်ဥတလုံး ၆၀၀ ကျပ်၊ ဝက်သား၊ ကြက်သားဟာ အရင်က တပိဿာ ၃၀,၀၀၀ ဝန်းကျင်ပဲ ရှိခဲ့တာလို့ ဆိုပါတယ်။ အဲဒီအပြင် အမဲသားက တပိဿာ ၄၀,၀၀၀ ကျပ်နဲ့ ကြက်သားလည်း တပိဿာ ၄၂,၀၀၀ ဝန်းကျင်ပဲ ရှိခဲ့တာလို့ ဆိုပါတယ်။

ဇွန်လပိုင်းကစပြီး KIA တပ်မဟာ ၉ ဒေသ တပ်ရင်း ၆ နယ်မြေနဲ့ တပ်ရင်း ၂၆ နယ်မြေတွေဘက်မှာ စစ်ကောင်စီနဲ့ တိုက်ပွဲဖြစ်ပွားလာပြီးနောက် ရှမ်းနီတပ်တွေကို စစ်ကောင်စီဘက်က အင်အားအလုံးအရင်းနဲ့ စစ်ကူပေးလို့ တိုက်ပွဲတွေ ပိုဖြစ်လာတယ်လို့ ဆိုပါတယ်။

အဲဒီအပြင် ဖားကန့်မြို့ကို အဓိကထား သွားလို့ရတဲ့ ဖားကန့်-ကာမိုင်းလမ်းကိုလည်း စစ်ကောင်စီတပ်တွေက ပြီးခဲ့တဲ့ မေလကတည်းက စစ်ကြောင်းထိုးတာကြောင့် လမ်းပိတ်နေတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013