
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ သဒွတ္တိန်ကျေးရွာက ဘုန်းတော်ကြီးကျောင်းကို စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကျောင်းတဆောင်လုံး ထိခိုက်ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မင်းရပ်တိုက်နယ်၊ သဒွတ္တိန်ကျေးရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က ဇူလိုင် ၃၀ ရက် မနက်ပိုင်းမှာ လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး လူအထိအခိုက်တော့ မရှိဘူးလို့ ကျောက်ဖြူဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။
“သဒွတ္တိန်ကျေးရွာကို စစ်ကောင်စီက မနက်ပိုင်း ၁၁ နာရီကျော်ကျော်လောက်မှာပဲ ဂျက်ဖိုင်တာတစီးနဲ့ လာပြီး ဗုံးကြဲသွားတာ။ ရွာက တိုက်ပွဲဖြစ်နေတဲ့ ဧရိယာလည်း မဟုတ်ဘူး။ စစ်ကောင်စီက သီးသန့်ရည်ရွယ်ပြီးတော့ ဘာသာရေးအဆောက်အအုံကို တိုက်ခိုက်သွားတာ။ လူအထိအခိုက်တော့ မရှိဘူး။ ကျောင်းဆောင်နဲ့ ဓမ္မရုံအဆောင်တွေတော့ ထိခိုက်ပျက်စီးသွားတယ်။”
လက်ရှိ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကျေးရွာသားတွေ စိုးရိမ်မှု မြင့်တက်နေကြပြီး အနီးအနားရှိ ကျေးရွာတွေကို ယာယီတိမ်းရှောင်နေကြတာတွေလည်း ရှိကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျောက်ဖြူမြို့နယ်မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် (AA) တို့အကြား ဇူလိုင် ၂၃ ရက်ကတည်းက နှစ်ဖက်တိုက်ပွဲတွေ ရပ်တန့်နေပြီး စစ်ကောင်စီကတော့ လေကြောင်းတိုက်ခိုက်မှုနဲ့ ဒရုန်းတိုက်ခိုက်မှုတွေကို ဆက်တိုက်လုပ်နေဆဲ ဖြစ်ပါတယ်။
ကျောက်ဖြူမြို့နယ်မှာ အမှတ် ၃၂ ရဲတပ်ရင်းအနီးနဲ့ ဓညဝတီ ရေတပ်ဌာနချုပ်အနီးမှာ စစ်ကောင်စီနဲ့ AA တို့အကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။
စစ်ကောင်စီက ကျောက်ဖြူနဲ့ စစ်တွေမြို့နယ်က တပ်စခန်းတွေမှာ ဇူလိုင် ၂၀ ရက်ကတည်းက စပြီး လူအင်အားဖြည့်တင်းမှုတွေ ပြုလုပ်နေသလို အနီးအနားရှိ ကျေးရွာတွေကိုလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေရှိနေပါတယ်။
ဇူလိုင် ၂၂ ရက်နဲ့ ၂၃ ရက်ကလည်း ကျောက်ဖြူမြို့နယ်၊ ကျောက်ပြောက်ကျေးရွာက ဘုန်းတော်ကြီးကျောင်းနဲ့ ကုလားဘာကျေးရွာကို စစ်ကောင်စီ လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သက်တော် ၉၃ နှစ်အရွယ် ဆရာတော်ကြီးတပါးနဲ့ အရပ်သားတယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။