
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားတွေရဲ့ နေအိမ်တွေအပေါ် ကျရောက်ပြီး ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇူလိုင် ၂၇ ရက်နဲ့ ၂၈ ရက် ည ၇ နာရီကျော်လောက်မှာ စစ်ကောင်စီတပ်က လေးမျက်နှာမြို့နယ်ထဲက စက်စက်ယိုကျေးရွာကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဦးမြင့်ထွေး၊ ဦးလှဦး တို့ရဲ့ နေအိမ်တွေ အပါအဝင် အရပ်သားတွေရဲ့ နေအိမ် ၉ လုံးထက်မနည်း မီးလောင်ဆုံးရှုံးခဲ့တာလို့ ဆိုပါတယ်။
လေးမျက်နှာမြို့နယ်က ဖြစ်စဉ်ကိုသိရှိတဲ့ ဒေသခံတယောက်က “ည ၇ နာရီဝန်းကျင်မှာ ၂ ကြိမ် လာဗုံးကြဲသွားတာ။ အိမ်တွေ မနည်းဘူး မီးလောင်ကုန်တာ။ စစ်ကောင်စီတပ်က အခုနောက်ပိုင်း လေကြောင်းနဲ့ပဲ တိုက်ခိုက်တော့တယ်။ ပျက်စီးကုန်တဲ့ အိမ်တွေမှာတော့ လူတွေမရှိကြဘူး။ စစ်ရှောင်နေတာလေ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲချပြီးနောက် ဇူလိုင် ၃၀ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်ရဲ့ ခြေလျင်တပ်သားတချို့က စက်စက်ယိုကျေးရွာ ဝန်းကျင်ကို စစ်ကြောင်းထိုးလာတာကြောင့် ထိတွေ့တိုက်ပွဲတွေ ဖြစ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
လေးမျက်နှာမြို့နယ်က စစ်ရှောင်တွေကို ကူညီပေးနေသူက “အခုတိုက်ခိုက်ခံရတဲ့ နေရာတွေမှာ PDF နဲ့ AA အဖွဲ့တွေ ရှိနေတယ်လို့ ယူဆချက်နဲ့ စစ်ကောင်စီတပ်က တိုက်ခိုက်နေတာ။ အရပ်သားတွေက စစ်ရှောင်နေကြသလို တချို့က သူတို့ပိုင်ပစ္စည်းတွေကို ပြန်လာပြီး တခါတခါ လာလာကြည့်နေတာ။ လေကြောင်းတော့မဟုတ်ဘဲ မြေပြင်မှာ တိုက်ပွဲတွေ ရှိလောက်တယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က လေကြောင်းနဲ့တိုက်ခိုက်တာ ခံရတဲ့ စက်စက်ယိုကျေးရွာဟာ ပြီးခဲ့တဲ့ ဇွန်လအတွင်းကတည်းက အာရက္ခတပ်တော် (AA) နဲ့ PDF တပ်တွေ ထိန်းချုပ်ထားတယ်လို့ သတင်းထွက်နေတဲ့ ဒေသဖြစ်ပြီး ပုသိမ်-မုံရွာကားလမ်းဘေးက ရွာကြီးဖြစ်တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်က စက်စက်ယိုကျေးရွာကို လေကြောင်းနဲ့ ပစ်ခတ်တိုက်ခိုက်နေတဲ့အပြင် ဆီဆုံကုန်းနဲ့ ပန်းတော်ကြီးကျေးရွာဘက်ကိုလည်း စစ်ကြောင်းထိုးကာ လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်နေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။