
မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်ထဲက လက်ပန်လှကျေးရွာ ရဲစခန်း အပါအဝင် နေရာ ၃ ကို ဇူလိုင် ၂၉ ရက် ညနေ ၄ နာရီခွဲဝန်းကျင်မှာ စစ်ကောင်စီတပ်က လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အချုပ်သားတွေ အပါအဝင် ပြည်သူအများအပြား သေဆုံးခဲ့ကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ကင်းထောက်မြေပြင်သတင်းမှန်ပြန်ကြားရေး (စဥ့်ကူး) ရဲ့ တာဝန်ရှိသူတယောက်က “စဥ့်ကူးမြို့နယ်ထဲက လက်ပန်လှရွာရဲစခန်းရယ်၊ ရွှေပန်းတောရွာထဲနဲ့ ဇရပ်ကွင်းရွာတွေထဲကို ဂျက်ဖိုက်တာနဲ့ ၁၀ မိနစ်ပိုင်းပဲခြားပြီး ဗုံးကြဲသွားတာပါ။ အသေအအပျောက်က များပါတယ်။ အတိအကျ မသိရနိုင်သေးပါဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားကြတဲ့ အချုပ်သားတွေနဲ့ ပြည်သူတွေရဲ့ ရုပ်အလောင်း ၁၂ လောင်းအထိ ရှာဖွေတွေ့ရှိထားတယ်လို့ ဆိုပါတယ်။
စဥ့်ကူးမြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ခံ ကိုသံမဏိ က “ရွှေပန်းတောရွာက အရင်အကြဲခံရတာ။ အမျိုးသား ၁ ယောက်နဲ့ အမျိုးသမီး ၁ ယောက်ရဲ့ အလောင်းတွေ တွေ့ထားတယ်။ သူတို့ ၂ ယောက်က လင်မယားတွေလို့လည်း သိရတယ်။ အိမ် ၂ လုံးလောက် ပျက်တယ်။ နောက်ပြီး ဇရပ်ကွင်းရွာ။ အဲဒီရွာကတော့ အသေအပျောက် မရှိဘူး။ အိမ်တွေ ပျက်စီးကုန်တယ်တော့ သိရတယ်။ ဒီဘက် လက်ပန်လှရွာရဲစခန်းကတော့ အပျက်အစီးများတယ်။ ရဲစခန်းတခုလုံးပဲ။ အချုပ်ဆောင်ထဲက အချုပ်သားတွေ အသေအပျောက်များတယ်။ အခုလောလောဆယ် တွေ့ထားတာကတော့ မီးလောင်ထားတဲ့ ရုပ်အလောင်းတွေ၊ ကိုယ်အင်္ဂါစုံတဲ့ အလောင်းကော မစုံတဲ့အလောင်းကော ၁၀ လောင်းလောက် တွေ့ထားတယ်။ အပိုင်းပိုင်းပြတ်နေတာတွေလည်း ပါသေးတယ်။ အလုပ်တွေက မပြီးသေးတော့ သေဆုံးသူစာရင်းကို အတည်မပြုနိုင်သေးဘူး” လို့ DVB ကို ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲခံရတဲ့နေရာတွေမှာ တိုက်ပွဲ ဖြစ်တာမရှိတဲ့အပြင် တော်လှန်ရေးရဲဘော်တွေလည်း တပ်စွဲနေတာမရှိဘဲ စစ်တပ်ဟာ ပြည်သူတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်နေတာလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မတ် ၄ ရက်နေ့မှာ ၁ ကြိမ်၊ မတ် ၁၄ ရက်နေ့မှာ ၁ ကြိမ်၊ မတ် ၁၇ ရက်နေ့ ၁ ကြိမ် စစ်ကောင်စီတပ်က လက်ပန်လှကျေးရွာကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့် ဒေသခံပြည်သူ ၄၀ ဝန်းကျင် သေဆုံးခဲ့ရသလို စာသင်ကျောင်း၊ စျေးဆိုင်ခန်းတွေနဲ့ လူနေအိမ် အများအပြားလည်း မီးလောင်ပျက်စီးခဲ့ရသေးတယ်လို့လည်း သူကဆက်ပြောပါတယ်။
အဆိုပါ လက်ပန်လှကျေးရွာကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ နှစ်အလယ်ပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ရရှိထားပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဘက်ကလည်း လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်နေတာကြောင် ပြည်သူတွေအနေနဲ့ လူစုလူဝေးမပြုလုပ်ကြဖို့နဲ့ လေကြောင်းအန္တရယ်ကို အထူးသတိထားကြဖို့လည်း တော်လှန်ရေးတပ်ဖွဲ့တွေက အကြိမ်ကြိမ်သတိပေးထုတ်ပြန်နေပါတယ်။