Home
မြန်မာသတင်း
စစ်တပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဖယ်ခုံနှင့် နန်းမယ်ခုံရှိ ပြည်သူထောင်ချီကို ကယ်ထုတ်
DVB
·
July 29, 2025

ကရင်နီနဲ့ ရှမ်းပြည်နယ်စပ်မှာရှိတဲ့ ​နေရာတွေကို စစ်ကောင်စီတပ်က လက်နက်ကြီး၊ ဒရုန်းနဲ့ ပစ်ခတ်ကာ စစ်ကြောင်းထိုးနေတာကြောင့် ဖယ်ခုံအရှေ့ဘက်ကမ်းနဲ့ နန်းမယ်ခုံက ပြည်သူတွေကို ဆက်တိုက် ကယ်ထုတ်နေရတာ ၄ ရက်ဆက်တိုက်ရှိနေပြီ ဖြစ်ပါတယ်။

ဇူလိုင် ၂၄ ရက်ကစပြီး ၂၈ ရက်အထိ တရက်ကို ဒေသခံနဲ့ စစ်ဘေးရှောင်ပြည်သူ ထောင်နဲ့ချီ ကယ်ထုတ်ပေးနေရတယ်လို့ စစ်ရှောင်အရေး ကူညီပေးသူတွေက ပြောပါတယ်။ ဖယ်ခုံ အရှေ့ဘက်ကမ်းနဲ့ နန်းမယ်ခုံဘက်က ပြည်သူ စုစုပေါင်း ၄၀,၀၀၀ ကျော်အထိ ရှိနေပါတယ်။

Clean Yangon အဖွဲ့မှ ကိုဇေယျာထွန်းက “စစ်ကြောင်းထိုးလာတဲ့အတွက် စစ်ဘေးရှောင်​တွေက အရေးပေါ်ပြောင်းရွှေ့မှု လုပ်နေရပါတယ်။ လက်နက်ကြီးတွေကြားထဲက ကူညီကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေက ကြိုးစားပြီးတော့ ဘေးလွတ်ရာကို ပြောင်းရွှေ့ပေးနေရတယ်ပေါ့နော်။ ဒီနေ့ ဒီချိန်ထိကို ရွှေ့ပြောင်းနေရဆဲ ဖြစ်ပါတယ်ခင်ဗျ” လို့ ပြောပါတယ်။

ဖယ်ခုံအင်းအရှေ့ဘက်ကမ်း ကျေးရွာ ၃ ခုကနေ ဘုရားဖြူ၊ ဘုရားနီ ကျေးရွာနဲ့ တခြား နီးစပ်ရာနေရာတွေကို စစ်ရှောင်ကြပေမဲ့ စစ်ကောင်စီတပ်က အခုတပတ်အတွင်း ဘုရားဖြူ၊ ဘုရားနီကျေးရွာတွေကို စစ်ကြောင်းထိုး နေရာယူနေတဲ့အပြင် နန်းမယ်ခုံဘက်ကိုလည်း စစ်ကြောင်းထိုးဖို့ ပြင်နေတာကြောင့် ပြည်သူတွေ အရေးပေါ် စစ်ရှောင်နေကြရတာပဲ ဖြစ်ပါတယ်။

စစ်ရှောင်ရတဲ့အခါမှာလည်း မိုးတွင်းကာလဖြစ်တာကြောင့် မိုးထဲရေထဲ စစ်ရှောင်နေရကာ ဆိုင်ကယ်၊ ကား၊ ခြေလျင် ရွှေ့ပြောင်းရတာတွေလည်း ရှိနေပါတယ်။

ဒေသခံတယောက်က “အဓိကက လမ်းပန်းအခက်အခဲပေါ့။ ဘာလို့လဲဆိုရင် မိုးက တောက်လျှောက် အဆက်မပြတ်ရွာနေတာ။ အခုက ဘယ်လိုပြောရမလဲ ကတ္တရာလမ်းလည်း မဟုတ်ဘူးလေ။ ရွှေ့တဲ့နေရာက မြေသားလမ်းဆိုတော့ ထော်လာဂျီတွေဆို တဝက်ပဲ ရောက်တယ်။ ကျန်တဲ့နေရာတဝက်ကတော့ ခြေလျင်နဲ့ပဲ သွားရတာပေါ့နော်။ ထမ်းနိုင်တဲ့ ဥစ္စာတွေနဲ့ပေါ့။ မိုးလည်း တောက်လျှောက်ရွာတော့ ပစ္စည်းတွေ ဆန်တွေ စိုတယ်၊ စပါးတွေ စိုတာလည်း ရှိတာပေါ့။ နောက် အဝတ်အစားလည်းစိုတော့ ဟိုရွှေ့ ဒီရွှေ့နဲ့ ပိုပြီးခက်ခဲတာပေါ့။ ကျနော်ဆိုရင် ဆိုင်ကယ်အစုတ်တစီးပဲ ရှိတယ်နော်။ ကားလည်းမရှိတော့ ဒီလိုပဲ ရွှေ့နေရတာပေါ့။ ခြေလျင်နဲ့ပဲ ရွှေ့နေရတာပေါ့” လို့ ပြောပါတယ်။

နန်းမယ်ခုံက ဒေသခံတွေက စပါးတွေ စိုက်ပျိုးထားကြပေမဲ့ မရင့်မှည့်ခင် ရွှေ့ပြောင်းရတာဖြစ်လို့ စပါးခင်းတွေ ဒီအတိုင်းထားခဲ့ရသူတွေရှိသလို မရင့်မှည့်ခင် ရိတ်သိမ်းရတာတွေလည်း ရှိနေပါတယ်။

​နေရာဒေသအစုံကနေ စစ်ရှောင်လာ​​ကြတဲ့ ပြည်သူတွေကို လမ်းပန်းဆက်သွယ်ရေးနဲ့ လက်နက်ကြီး ပစ်ခတ်တာတွေ ကြားကနေ ကယ်ထုတ်နေရပြီး ပြန်လည်နေရာချထားဖို့နဲ့ စစ်ရှောင်စခန်း ဆောက်ပေးဖို့တွေက စိန်ခေါ်မှုတခုအနေနဲ့ ရှိနေတယ်လို့ သိရပါတယ်။

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး ၂ ဦးဗညားက “ရွှေ့ပြောင်းတဲ့ နေရာဒေသရဲ့ နေရာထိုင်ခင်း အခက်အခဲ၊ မိုးကာအခက်အခဲတွေက ကြီးမားတဲ့ စိန်ခေါ်မှုတခုအနေနဲ့ ရှိပါတယ်။ တချိန်တည်းမှာပဲ ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုတွေ၊ စိုးရိမ်မှုတွေလည်း အကြီးဆုံးထဲမှာ တခုပါပါတယ်။ လောလောဆယ် အခြေအနေပေါ် မူတည်ပြီး ပံ့ပိုးမှုတွေလည်း ဆက်တိုက်လုပ်နေပါတယ်” လို့ ပြောပါတယ်။

လက်ရှိအချိန်အထိ ဒေသခံနဲ့ စစ်ဘေးရှောင်ပြည်သူတွေကို ကယ်ထုတ်တာတွေရှိနေပြီး လူဦးရေထူထပ်တာ၊ အလောတကြီး ရွှေ့ပြောင်းရတာ၊ နေရာထိုင်ခင်းအတွက် နေရာချထားရေး ပြင်ဆင်ရတာကြောင့် မိုးကာလိုအပ်ချက်တွေ ရှိနေတယ်လို့ သိရပါတယ်။

နှင်းနှင်း

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013