Home
မြန်မာသတင်း
စစ်အုပ်စုက လူငယ် ၇ သောင်းခန့်ကို စစ်သားစုဆောင်း၊ ပြည်သူ့ရင်ခွင်ခိုလှုံရန် NUG ပြော
DVB
·
July 29, 2025

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်ကောင်စီဟာ စစ်ရေးအရ ရှုံးနိမ့်မှုတွေကို တန်ပြန်ဖို့အတွက် အတင်းအဓမ္မ စစ်သားစုဆောင်းမှုတွေကို လုပ်ဆောင်နေပြီး လူငယ် ၇ သောင်းနီးပါးကို  အတင်းအဓမ္မ ဖမ်းဆီးစုဆောင်းကာ စစ်သင်တန်းပေးနေတယ်လို့  အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။

NUG အစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ နေဘုန်းလတ်က “ပြည် သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း အစီအစဉ် ၁၄/၂၀၂၅" ကနေ တဆင့် ခုလိုပြောလိုက်တာပါ။

စစ်အုပ်စုရဲ့ စုဆောင်းမှုတွေထဲမှာ လိုအပ်တဲ့အရေအတွက် မပြည့်မီပါက ဗဟိုအဖွဲ့က သတ်မှတ်ပေးတဲ့ နည်းလမ်းတမျိုးမျိုးနဲ့ ရွေးချယ်နိုင်ကြောင်း၊ မိသားစုအတွင်း စစ်မှုထမ်းနေသူ ရှိလင့်ကစား ကျန်အကျုံးဝင်သူတွေကိုလည်း ခေါ်ယူမှာဖြစ်ကြောင်း၊ စစ်မှုထမ်း ပျက်ကွက်ပါက မိသားစုဝင်တွေကိုပါ အရေးယူမှာဖြစ်ကြောင်း၊ စစ်မှုထမ်းပြီး သူတွေအပါအဝင် မည်သူကိုမဆို အရေးပေါ် အခြေအနေအကြောင်းပြချက်နဲ့ ဆင့်ခေါ်နိုင်ကြောင်း၊ ပြည်ပထွက်ခွာခွင့်ကိုလည်း တားမြစ်နိုင်ကြောင်း၊ စစ်သင်တန်းပြီးပါက စစ်ကောင်စီက စေလွှတ်မယ့်ဒေသတွေကို သွားရောက်ရမှာ ဖြစ်ကြောင်း စတဲ့ ဖော်ပြချက်တွေနဲ့ ထင်ရာစိုင်းပြီး နိုင်ငံသားတွေအပေါ် ရက်စက်တဲ့ နည်းလမ်းနဲ့ အာဏာရှင်လက်ပါးစေ အကြမ်းဖက်စစ်တပ်ကို အင်အားဖြည့်တင်းနေတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် မြေပြင်မှာ အလင်းဝင်လာကြတဲ့ အဓမ္မစုဆောင်းခံတပ်သားသစ်တွေရဲ့ ထွက်ဆိုချက်တွေအရ အကြမ်းဖက်စစ်ကောင်စီဟာ အဓမ္မစုဆောင်းခံရသူတွေကို တိုက်ပွဲတွေမှာ ရှေ့ထွက်အသေခံ တပ်သားတွေအဖြစ် ရက်စက်စွာ အသုံးချလျက်ရှိသလို၊ မူးယစ်ဆေးဝါးတွေကို အမိန့်ပေး သုံးစွဲစေပြီး စစ်တိုက်ခိုင်းတာတွေလည်း ရှိနေကြောင်း သိရတယ်လို့ ဆိုပါတယ်။ 

ဒါကြောင့်မို့ မလွန်ဆန်နိုင်တဲ့ အခြေအနေတွေမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်သားအဓမ္မ စုဆောင်းခြင်းခံကြရတဲ့ လူငယ်တွေအနေနဲ့ အခြေအနေ အရပ်ရပ်ကို အစဉ်အမြဲနားစွင့်ပြီးတော့ အခွင့်သာတဲ့အချိန်မှာ တော်လှန်ရေးအင်အားစုတွေထံ ဆက်သွယ်ပြီး ပြည်သူ့ရင်ခွင် အမြန်ဆုံး ကူးပြောင်းခိုလှုံလာကြဖို့လည်း NUG အစိုးရက တိုက်တွန်းထားပါတယ်။

အာဏာသိမ်းစစ်အုပ်စုက မြန်မာနိုင်ငံသားတိုင်း စစ်မှုထမ်းဖို့အတွက် စစ်မှုထမ်းဥပဒေကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှာ စတင်အသက်ပြန်သွင်းကာ မတ်လမှာ စတင်အကောင်အထည်ဖော်ပြီး အမည်စာရင်းနဲ့တကွ လာရောက်ခေါ်ဆောင်တာကြောင့် လူငယ်တွေဟာ နေအိမ်မှာမနေဘဲ လွတ်ကင်းရာ ပြည်ပထွက်ခွာဖို့ လုပ်ဆောင်ကြရသူတွေလည်း ရှိနေတာပါ။

ခုလက်ရှိမှာတော့ စစ်အုပ်စုက ပြည်ပထွက်ခွာခွင့်တွေကိုပါ ကန့်သတ်ပိတ်ပင်လိုက်ပြီး စစ်မှုထမ်းဖို့အတွက် အမျိုးသားတွေ အပါအဝင် အမျိုးသမီးတွေကိုပါ အမည်စာရင်းနဲ့တကွ ခေါ်ယူဖို့တွေ ပြင်ဆင်နေတာကြောင့် စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာ မလုံခြုံမှုတွေနဲ့ပါ ကြုံတွေ့နေကြရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013