Home
မြန်မာသတင်း
ငလျင်ဘေးသင့် အိမ်ထောင်စု ၁၉,၇၀၀ ကျော်ကို ငွေကျပ် သန်း ၅,၉၈၀ ကျော် ထောက်ပံ့ခဲ့ဟု NUG ပြော
DVB
·
July 29, 2025
Photo: NUG

နိုင်ငံတကာက ချိတ်ဆက်ကူညီလာတဲ့ ငလျင်ပြန်လည်ထူထောင်ရေးဆိုင်ရာ စီမံချက်တွေကို စစ်ကိုင်း၊ မန္တလေးနဲ့ ပဲခူးတိုင်းအတွင်းက စိုးမိုးမြို့နယ်တွေမှာ စတင်ပြီး အကောင်အထည် ဖော်နေပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)  ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။

ဇူလိုင် ၂၉ ရက် ဒီနေ့လုပ်တဲ့ ပြည်သူလူထုနဲ့ နိုင်ငံတကာကို သတင်းစကားပြောကြားခြင်း အစီအစဉ်ကနေ ပြောဆိုခဲ့တာပါ။

အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ ဝန်ကြီးဌာနက ၂၀၂၅ ခုနှစ် ဇူလိုင် ၁၃ ရက်နေ့အထိ ငလျင်ဘေးသင့်ဒေသတွေဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ နေပြည်တော်၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်းမှာရှိတဲ့ မြို့နယ် ၄၆ မြို့နယ်က အိမ်ထောင်စု ၁၉,၇၁၄ စုကို ငွေကျပ် သန်း ၅,၉၈၀ ကျော် ထောက်ပံ့ခဲ့တယ်လို့ ဆိုပါတယ်။

ဦးနေဘုန်းလတ်က “ငလျင်ဒဏ်သင့်ပြည်သူလူထုရဲ့ လိုအပ်ချက်တွေကို ကောင်းစွာ ဖြည့်ဆည်းနိုင်ဖို့အတွက် စိုးမိုးထိန်းချုပ်ဒေသအတွင်းက ငလျင်ဒဏ်သင့်မြို့နယ်တွေမှာ Post Disaster Need Assessment Report on Pilot Assessment in Sagaing Earthquake-affected Townships အစီအစဉ်နဲ့ စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းအတွင်းက မြို့နယ် ၂ ခုမှာ Pilot စတင်ကောက်ယူနိုင်ခဲ့ပြီး နောက်ထပ် ၁၂ မြို့နယ်မှာလည်း တိုးချဲ့ ကောက်ယူသွားဖို့ရှိကြောင်း ပြောကြားလိုပါတယ်။ နိုင်ငံတကာက ချိတ်ဆက်ကူညီလာတဲ့ ငလျင်ပြန်လည်ထူထောင်ရေးဆိုင်ရာ စီမံချက်များကိုလည်း စစ်ကိုင်း၊ မန္တလေး၊ ပဲခူးတိုင်း အတွင်းက စိုးမိုးမြို့နယ်တွေအတွင်းမှာ ဇူလိုင်လက စတင်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်” လို့ ပြောပါတယ်။

နိုင်ငံတကာစီမံချက်တွေနဲ့ပတ်သက်ပြီးတော့ အသေးစိတ်ကိုတော့ သူက ထည့်မပြောသွားပါဘူး။

ပြီးတော့ အမျိုးသားညီညွတ်ရေးအစိုးရ ပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်တဲ့ အပြုသဘော ဝေဖန်ထောက်ပြ အကြံပြုသူတွေအားလုံးကိုလည်း ကျေးဇူးအထူးတင်ပြီး လွန်ခဲ့တဲ့ ၅ နှစ် လောက်ကနဲ့မတူညီတဲ့ အခြေအနေအခင်းအကျင်းတွေလည်းပေါ်ပေါက်လာနေလို့ ဒီလို အခြေအနေနဲ့ ကိုက်ညီတဲ့ ပြည်ထောင်စုအစိုးရတရပ်အဖြစ် မိမိကိုယ်ကို လေ့လာသုံးသပ်ဖို့နဲ့၊ လိုအပ်တဲ့ပြုပြင်ပြောင်းလဲတာတွေလုပ်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်တွေအားလုံး နားလည်သဘောပေါက်ထားတယ်လို့လည်း ပြောပါတယ်။

“အစိုးရအဖွဲ့အတွင်း လုပ်ငန်းများပိုမိုကျစ်လျစ် ထိရောက်စေဖို့အတွက် ဝန်ကြီးဌာနတွေကို ကဏ္ဍကြီး ၆ ရပ်အပေါ်အခြေခံပြီး စုဖွဲ့ဆောင်ရွက်တဲ့ပုံစံကို ပြောင်းလဲ ဆောင်ရွက်နေတာလည်း ရှိပါတယ်။ အုပ်ချုပ်ရေးနဲ့ပတ်သက်ပြီး တိုင်း သို့မဟုတ် ဖယ်ဒရယ်ယူနစ် အုပ်ချုပ်ရေး အစိုးရအဖွဲ့တွေ ပေါ်ပေါက်လာရေးအတွက် အထူးအလေးပေး ဆောင်ရွက်လျက်ရှိပါတယ်။ အမျိုးသားညီညွတ်ရေး အစိုးရကို စွမ်းဆောင်ရည် ပိုမိုတိုးတက်စေဖို့နဲ့ ကိုယ်စားပြုပါဝင်မှု ပိုမိုမြင့်တက်စေဖို့အတွက် ယခုထက်ပိုမိုတဲ့ ပြုပြင်ပြောင်းလဲရေးတွေ ဆက်လက် လုပ်ဆောင်နိုင်ရေးကိုလည်း  လေ့လာဆန်းစစ် သုံးသပ်လျက်ရှိသလို ကဏ္ဍအလိုက် ပညာရှင်တွေရဲ့ အကြံဉာဏ်တွေကိုလည်း ရယူ စုဆောင်းလျက်ရှိနေပါတယ်။ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်ပြီး လုပ်ကိုင်ဆောင်ရွက်နေမှုတွေကို ထူးခြားမှုရှိရင်ရှိသလို ပြည်သူလူထုကို အသိပေး တင်ပြသွားမှာဖြစ်ပါတယ်” လို့ပြောပါတယ်။

ဒါ့အပြင် မကြာသေးခင်က ပေါက်ကြားလာတဲ့ စစ်ကောင်စီလက်အောက် တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းစာရင်းတွေကို ဆန်းစစ်နေပြီး အဲဒီဝန်ထမ်းတွေအနေနဲ့ ပြည်သူဘက်ကရပ်တည်ကြဖို့လည်း သူက တိုက်တွန်းပါတယ်။

“ဒီအချက်အလက်တွေဟာ အကြမ်းဖက်စစ်ကောင်စီ ကျူးလွန်ခဲ့ ကျူးလွန်လျက်ရှိတဲ့ စစ်ရာဇဝတ်မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ အားပေးအားမြှောက်ပြုသူတွေ၊ ပူးပေါင်းပါဝင် ပတ်သက်သူတွေ၊ အလိုတူအလိုပါတွေကို လက်ရှိကာလ အရေးယူ အပြစ်ပေးနိုင်ဖို့အပြင် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုဖော်ဆောင်ရေး လုပ်ငန်းစဉ်တွေအတွက်ပါ ထိရောက်စွာ အသုံးပြုနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် စစ်ကောင်စီရဲ့ အကျိူးစီးပွား အတွက် အထောက်အကူပြုပေးနေကြတဲ့ ဒေါက်တိုင်များအနေနဲ့  အကြမ်းဖက်စစ်ကောင်စီကို ဖီဆန်ဆန့်ကျင်ပြီး ပြည်သူနဲ့အတူ၊ တော်လှန်ရေးနဲ့အတူရပ်တည်တဲ့ ဆောင်ရွက်ချက်တွေကို နည်းလမ်းပေါင်းစုံသုံးပြီး ဆောင်ရွက်ကြဖို့ တိုက်တွန်းသတိပေးလိုပါတယ်”

စစ်ကောင်စီရဲ့ အဓမ္မစစ်သားစုဆောင်းခံကြရတဲ့ လူငယ်တွေအနေနဲ့လည်း အခြေအနေ အရပ်ရပ်ကို အစဉ်အမြဲနားစွင့်ပြီး အခွင့်သာတဲ့အချိန်မှာ တော်လှန်ရေးအင်အားစုတွေဆီ ဆက်သွယ်ပြီး ပြည်သူ့ရင်ခွင်ကို အမြန်ဆုံးကူးပြောင်းခိုလှုံလာကြဖို့လည်း NUG အစိုးရ တာဝန်ရှိသူက တိုက်တွန်းပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013