
ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်မှာ စစ်မှုထမ်းအတွက် လူစုဆောင်းမပေးနိုင်တဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ၃ ယောက်ကို စစ်ကောင်စီတပ်ပါတဲ့ စစ်ဆေးရေးအဖွဲ့က ခေါ်ယူစစ်ဆေးနေတယ်လို့ အုပ်ချုပ်ရေးမှူးတွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
စစ်မှုထမ်းအပတ်စဉ် ၁၄ နဲ့ ၁၅ အတွက် လူစုဆောင်းမပေးနိုင်တဲ့ ငပုတောမြို့နယ်၊ အုတ်ရှစ်ကွင်းကျေးရွာအုပ်စု၊ ကုန်းတန်းပုတ္တကျေးရွာအုပ်စုနဲ့ ကျောက်တံခါးကျေးရွာအုပ်စုက အုပ်ချုပ်ရေးမှူး ၃ ယောက်ကို စစ်ကောင်စီတပ် အရာရှိတွေပါတဲ့ စစ်ဆေးရေးအဖွဲ့က ဇူလိုင် ၂၁ ရက်မှာ စတင်ခေါ်ယူစစ်ဆေးနေတာလို့ ဆိုပါတယ်။
“အုပ်ချုပ်ရေးမှူး ၃ ယောက် စစ်ဆေးခံနေရတာ။ ၂၁ ရက်နေ့ကစ စစ်ဆေးနေတာ။ စစ်မှုထမ်း လူမပေးနိုင်တာကို အုပ်ချုပ်ရေးမှူးတွေဖြစ်ပြီး ဒါလေးတောင် မလုပ်နိုင်ရကောင်းလာဆိုပြီး စစ်ဆေးနေတာ။ ဒီအတိုင်းမပြီးနိုင်ဘူး၊ စစ်မှုထမ်းကိစ္စ မလုပ်ပေးတာက တရားမဝင် အဖွဲ့အစည်းတွေနဲ့ ဆက်နွှယ်နေလို့လားဆိုပြီး ခြိမ်းခြောက်စစ်မေးနေတာ။ တာဝန်ပေါ့လျော့တယ်၊ ရှောင်ဖယ်နေတယ်ဆိုပြီး။”
စစ်ဆေးခံနေရတဲ့ အုပ်ချုပ်ရေးမှူး ၃ ယောက်ကို ဖမ်းဆီးမထားဘဲ ထွက်ပြေးတာ၊ တိမ်းရှောင်တာ လုပ်ပါက နေအိမ်ကို ချိပ်ပိတ်ပြီး မိသားစုကို ဖမ်းဆီးမယ်လို့ ခြိမ်းခြောက်ထားပြီး နေအိမ်တွေမှာ ပြန်နေခွင့်ပေးထားပေမဲ့ စောင့်ကြည့်ခံထားရပြီး ဒီနေ့ ၂၈ ရက်မှာ ဒုတိယအကြိမ် စစ်မေးဖို့ ခေါ်ယူခံထားရတယ်လို့ သိရပါတယ်။
ကျေးရွာဒေသခံတယောက်က “စစ်ဆေးလို့ မပြီးသေးဘူးပေါ့နော်။ အုပ်ချုပ်ရေးမှူးတွေကို စစ်မှုထမ်းကိစ္စနဲ့ စံနမူနာအဖြစ် တခုခုလုပ်လောက်တယ်။ အရေးယူမလား၊ ဒဏ်ငွေဆောင်ခိုင်းမလား၊ လူသစ်အတင်းရှာခိုင်းမလား မသိဘူး။ အုပ်ချုပ်ရေးမှူးတွေရဲ့ မိသားစုတွေက ရွာမှာလည်း ဘယ်သူမှ အဖက်မလုပ်တော့ နေရထိုင်ရ ခက်နေတာ။ လူငယ်တွေလည်း မရှိတော့ဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က အရာရှိတွေပါတဲ့ ငပုတောမြို့နယ် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့က ဇူလိုင် ၁၈ ရက် ဒါမှမဟုတ် ၁၉ ရက်မှာ နောက်ဆုံး စစ်မှုထမ်း လူစုမပေးနိုင်ရင် စစ်မှုထမ်းဥပဒေ ပုဒ်မ ၂၅ နဲ့ အရေးယူမယ်ဆိုတဲ့ သတိပေးအမိန့်စာကို အုတ်ရှစ်ကွင်းကျေးရွာအုပ်စု၊ ကုန်းတန်းပုတ္တကျေးရွာအုပ်စု၊ ကျောက်တံခါးကျေးရွာအုပ်စု စတဲ့ ကျေးရွာအုပ်စု ၃ စုက အုပ်ချုပ်ရေးမှူးတွေကို စာပို့ခဲ့သေးတယ်လို့ သိရပါတယ်။
အခုလို အုပ်ချုပ်ရေးမှူး ၃ ယောက်ကို ခေါ်ယူမစစ်ဆေးခင် စစ်ကောင်စီရဲ့ မြို့နယ် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့က ကျေးရွာအုပ်စု အုပ်ချုပ်ရေမှူး ၃ ယောက်ကို တာဝန်အပေါ် အလေးမထားတာ၊ စိတ်ပါဝင်စားမှုမရှိတာ၊ တမင်ပျက်ကွက်တာကြောင့် စစ်မှုထမ်းဥပဒေပုဒ်မ ၂၅ အရ အရေးယူမယ့်အပြင် သတ်မှတ်ပေးထားတဲ့ ရွာက လူငယ်တွေကို စစ်မှုထမ်းဖို့ စုဆောင်းပို့ဆောင်ပေးဖို့ စာပို့ခဲ့ပေမဲ့ မပို့ခဲ့တာကြောင့် နိုင်ငံဝန်ထမ်း ဥပဒေ၊ နည်းဥပဒေနဲ့ပါ အရေးယူမယ်လို့ ခြိမ်းခြောက်သတိပေးစာ ပို့ခဲ့သေးတယ်လို့ သိရပါတယ်။