တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း မိုးကုတ်မြို့နယ်က နေရာ ၅ ခုကို ဇူလိုင် ၂၉ ရက် ဒီနေ့မနက်ပိုင်းမှာ စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၄ ယောက် သေဆုံးကာ ၉ ယောက် ဒဏ်ရာရခဲ့တယ်လို့ မြို့ခံတွေထံက သိရပါတယ်။
မိုးကုတ်မြို့အတွင်းက မင်းတံတားရပ်ကွက်၊ တော်ဝင်ဆီဆိုင်၊ King Bridge ဟိုတယ်ရှေ့နဲ့ နောက်ထပ် နေရာ ၂ ခုတို့ကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲချသွားတာလို့ မိုးကုတ်ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
“အခုလောလောဆယ် ကျနော်ရောက်နေတဲ့ နေရာမှာတော့ ဒဏ်ရာရသူ ၅ ယောက်ရှိတယ်။ ဒေါ်ဝင်းကြည်၊ ကိုမျိုး၊ မစွာတေး၊ ကိုနှာခေါင်းနဲ့ ကိုထွေးပေါ့နော်။ ဒီ ၅ ယောက်ကတော့ ဗုံးစထိတာ။ ခေါင်းတွေရော လက်တွေရော ကျောဘက်တွေရောမှာပါ။ အခုတော့ ကယ်ဆယ်ရေး လုပ်ပေးနေတယ်။ မိုးကလည်း တအားသည်းနေတော့ လေယာဉ်ထပ်လာမှာ စိုးရိမ်မှုတွေနဲ့ ကယ်ဆယ်နေရတာ၊ အကုန်လုံးကတော့ စိုးရိမ်မှုတွေ ရှိကြတာပေါ့။”
ဗုံးကျရောက် ပေါက်ကွဲမှု ပြင်းထန်တာကြောင့် ဒဏ်ရာရသူနဲ့ သေဆုံးသူ အရေအတွက် ထပ်တိုးလာနိုင်ပြီး ထိခိုက်ဒဏ်ရာရသူတွေကိုတော့ မိုးကုတ်ဆေးရုံကြီးကို ပို့ဆောင်ပေးထားရပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်က ပေါင် ၅၀၀ ဗုံး ၃ လုံး၊ ပေါင် ၂၅၀ ဗုံး ၂ လုံးတို့ ကြဲချခဲ့ပြီး စစ်ရေး ပစ်မှတ် မဟုတ်တဲ့ ဒေသခံတွေကို ဦးတည်ပစ်ခတ်နေတာကြောင့် လေကြောင်းရန် ကာကွယ်ရေး နည်းလမ်းတွေကို သတိထားဖို့ TNLA ကထုတ်ပြန်ထားပါတယ်။