Home
မြန်မာသတင်း
လေးမျက်နှာတွင် စစ်တပ် အင်အားဖြည့် စစ်ရေးပြင်၊ လက်နက်ကြီး ဆက်တိုက်ပစ်
DVB
·
July 29, 2025

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ထဲမှာ စစ်ကောင်စီတပ်က အင်အားဖြည့်ပြီး စစ်ရေးပြင်နေသလို အာရက္ခတပ်တော် (AA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေလည်း ရှိနေတာကြောင့် နှစ်ဖက်တပ်တွေ ဆိုင်ထားတဲ့ပုံစံ ဖြစ်တယ်လို့ စစ်ရေးရင်းမြစ်က ပြောပါတယ်။

ဒါအပြင် စစ်တပ်က လက်နက်ကြီးတွေ ဆက်တိုက်ပစ်နေတာကြောင့် ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ထဲမှာ တိုက်ပွဲခေတ္တငြိမ်နေရာကနေ ဇူလိုင်လထဲ နှစ်ဖက် စစ်ရေးပြင်မှုတွေ ရှိနေကြောင်း ဒေသခံနဲ့ စစ်ရေးရင်းမြစ်တွေက ပြောပါတယ်။

ပုသိမ်-မုံရွာ အဝေးပြးလမ်းမရဲ့ အနောက်ဘက်အခြမ်း ရိုးမတောင်ခြေဝန်းကျင်က ရွာတွေမှာ တော်လှန်ရေးပူးပေါင်းတပ်တွေ ရှိနေသလို လမ်းရဲ့ အရှေ့ဘက်အခြမ်း ပုသိမ်မြစ်ဘေး ဝန်းကျင်မှာတော့ စစ်ကောင်စီတပ်တွေ တပ်စွဲထားကြောင်း ဒေသခံတွေက ပြောပါတယ်။

ဧရာဝတီတိုင်းမှာနေထိုင်သူတယောက်က “တပ်ကလည်း ဒီဘက်မှာ အလုံးအရင်းနဲ့ သူတို့လည်း နေရာယူနေတယ်။ ပြီးတော့ ရသလောက် တိုးတယ်ပေါ့။ ၁,၀၀၀ လောက်တော့ ရှိမယ်ထင်တာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကားကြီး ၅ စီး၊ ၆ စီးလောက် အသွားအလာတွေလုပ်တာ မြင်တာကို။ လောလောဆယ်မှာ တိုက်ပွဲကတော့ မဖြစ်သေးဘူး။ မဖြစ်သေးပေမဲ့ နှစ်ဖက်က နေရာချထားမှုတွေတော့ မြင်နေရတယ်။ ‌ရွေးကောက်ပွဲလုပ်မယ့် နယ်မြေတွေအတွက် ဆိုပြီးတော့ သူတို့ကလည်း ရသလောက်နယ်မြေတွေကို ယူဖို့ပုံစံမှာရှိတယ်။ ဆိုတော့ အင်အားတောင့်တောင့်နဲ့ သူတို့လည်း စစ်ရေးပြင်နေတယ်။ ဒီဘက်ကလည်း စစ်ရေးပြင်နေတယ်၊ ဆိုင်နေတယ်ပေါ့၊ ဆိုင်နေတဲ့သဘောမှာရှိတယ်” လို့ ပြောပါတယ်။

ရေကြည်မြို့နယ်အခြေစိုက် အမတ ၃၄၄၊ နဂါးရစ်တောင်ဝန်းကျင်တွေကနေ လေးမျက်နှာဘက်ကို အမြောက်နဲ့ ပစ်ခတ်နေသလို ပစ လို့ခေါ်တဲ့ စစ်မှုထမ်းတွေကိုလည်း အင်အားဖြည့်ထားကြောင်း အနီးဝန်းကျင်မှာနေတဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

လေးမျက်နှာမြို့နယ်ထဲမှာ အရင်တိုက်ပွဲဖြစ်ခဲ့တဲ့ ပန်းတောကြီးရွာကနေ တမိုင်လောက်အကွာမှာ ရှိတဲ့ ဆီဆုံကုန်းရွာမှာ အမြောက်ထိုင်ထားလို့ ပြည်သူတွေ ထွက်ပြေးနေရတဲ့အကြောင်း ဒေသခံက ဆိုပါတယ်။

လေးမျက်နှာမြို့နယ် ဒေသခံတယောက်က “ကျနော်တို့ လေးမျက်နှာမြို့နယ်မှာတော့ ဆီဆုံကုန်းနဲ့ ရေဖြူမှာ သူတို့ထိုင်ထားတာရှိတယ်။ လက်နက်ကြီးက ဆီဆုံကုန်းမှာပဲရှိတယ်။ တိုက်ပွဲတွေတော့ ဖြစ်နေကြတယ်ပေါ့။ သူတို့နှစ်ဖက်မှာလည်း နှစ်ဖက်အကြောင်းတွေ ရှိတာပေါ့။ ဒါပေမဲ့ ကျနော်တို့ ပြည်သူတွေကတော့ ၄ လကျော်လောက် ရှိသွားပြီ၊ တော်တော် ဒုက္ခရောက်နေကြတယ်လေ။ ကိုယ့်အိမ်တွေကိုစွန့်ပြီးတော့ လယ်လည်းပြန်လုပ်လို့မရဘူး။ နောက် ကျောင်း ၇၀ လောက် ပိတ်ထားရတယ်” လို့ ပြောပါတယ်။

အရင်တိုက်ပွဲတွေနဲ့ လက်ရှိ စစ်ရေးတင်းမာမှုတွေကြောင့် ပုသိမ်-မုံရွာလမ်း အနောက်ခြမ်းမှာရှိတဲ့ လဲခုံကြီး၊ လဲခုံလေး၊ တုံးတောကျေးရွာတွေ အပါအဝင် ရွာပေါင်း ၃၀ လောက်က ဒေသခံတွေ နီးစပ်ရာမှာ စစ်ရှောင်နေရတယ်လို့ သူကပြောပါတယ်။

ပုသိမ်-မုံရွာလမ်း အရှေ့ခြမ်းမှာတော့ စစ်တပ် ထိုင်ထားတဲ့ရွာတွေ အပါအဝင် ပန်းတောကြီးနဲ့ လှော်ကထားအုပ်စုက ဒေသခံတွေ စစ်ရှောင်နေရပြီး တချို့ကျေးရွာတွေမှာတော့ ပစ္စည်းတွေ ခိုးယူခံရမှာစိုးတဲ့အတွက် အမျိုးသားတချို့ အိမ်စောင့်ကျန်နေခဲ့ကြောင်း သိရပါတယ်။

ဒါ့အပြင် စစ်တပ်က ဧရာဝတီမြစ် အနောက်ခြမ်းမှာရှိတဲ့ အဲဒီဒေသတွေကို သွားလာရေး ကန့်သတ်ထားပြီး ကုန်ပစ္စည်းဝယ်ယူမယ်ဆိုရင် အုပ်ချုပ်ရေးမှူးထောက်ခံစာနဲ့ ပစ္စည်းစာရင်း အတိအကျကို ပြရကြောင်း ဆိုကြပါတယ်။

ဆက်သွယ်ရေးလိုင်းတွေ ပြတ်တောက်နေတာကြောင့် စစ်ရှောင်နဲ့ တိုက်ပွဲအခြေအနေ အသေးစိတ်ကို အချိန်နဲ့တပြေးညီ မသိနိုင်သေးဘဲ ရိက္ခာ၊ အမိုးအကာနဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

စိုးသူအောင်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024